News

POST TYPE

ENVIRONMENT

ကမ္ဘာ့အကောင်းဆုံးကမ်းခြေ ၂၅ ခုစာရင်းတွင် ငပလီကမ်းခြေပါဝင်
04-Mar-2017 tagged as


ရန်ကုန်၊ မတ်  ၃

ကမ္ဘာတစ်ဝန်းက ခရီးသွားများ၏  မှတ်ချက်များကို ကိုယ်စားပြု ပြန်လည်ဖော် ပြသည့် ဝက်ဘ်ဆိုက် တစ်ခုဖြစ်ပြီး ခရီးသွားသူများ အများဆုံး အသုံးပြုသည့် Tripadvisor ၏ ၂၀၁၇ အတွက် ကမ္ဘာ့ အကောင်းဆုံးကမ်းခြေ ၂၅ ခုစာရင်းတွင် မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်ရှိ ငပလီ ကမ်းခြေ ပါဝင်ကြောင်း Tripadvisor ၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံ၏ အကောင်းဆုံးနှင့်  အလှဆုံးဖြစ်သည့် ငပလီကမ်းခြေမှာ သဘာဝ ပတ်ဝန်းကျင် မပျက်စီးသေးခြင်းနှင့် ရေ၊ မြေ ပထဝီ အနေအထားအရ ရေ အလွန် သန့်ခြင်းတို့ဖြင့် နာမည်ကြီးကြောင်း သဘာဝရှုခင်း ရိုက်ကူးသည့် ဓာတ်ပုံဆရာများထံမှ သိရသည်။

ငပလီကမ်းခြေရှိ ဟိုတယ်များ၏ ကမ်းခြေသန့်ရှင်းရေးကို ဂရုစိုက်ခြင်းတို့ကြောင့် ကမ်းခြေ သန့်ရှင်းနေဆဲဖြစ်သော်လည်း ငပလီကမ်းခြေ အနီးရှိ ကျွန်း အချို့တွင်မူ ခရီးသွားများ၏ စည်းကမ်းမဲ့မှုကြောင့် အမှိုက်များ စုပုံစပြုနေပြီဖြစ်ကြောင်း ဟိုတယ် စီမံခန့်ခွဲမှုတွင် လုပ်သက်  ၁၈ နှစ်ရှိသည့် ဦးဇော်လင်းထွဏ်းက ပြောကြားသည်။

“ခရီးသွားတွေရဲ့ ထောက်ခံချက်နဲ့  သူကဖော်ပြတာ။ သွားလာရ ခက်တဲ့နေရာလည်းဖြစ်တော့ ငပလီက သန့်နေသေးတယ်။ ဂေါ်ရန်ဂျီကျွန်းဆို အရိုင်းအတိုင်း လှရာကနေ သွားတာများလာတော့ ပျက်စီးနေပြီလို့ အသံထွက်နေပြီ”ဟု ဦးဇော် လင်းထွဏ်းက ဆိုသည်။

လည်ပတ်ရန် နေရာများမှာ Tripadvisor တွင် ဖော်ပြခြင်းခံရပြီးသည်နှင့် သွားရောက်သူ ခရီးသွားများလာလေ့ရှိကြောင်း ဟိုတယ်လုပ်ငန်းရှင် အသိုင်းအဝိုင်း ကသိရသည်။

Tripadvisor ခရီးသွားဝက်ဘ်ဆိုက်၏ ၂၀၁၆ ခုနှစ်အတွက် အလည်ပတ်သင့်ဆုံး ထိပ်တန်း ကမ်းခြေစာရင်းတွင်လည်း မြန်မာနိုင်ငံရှိ ငပလီကမ်းခြေ ပါဝင်ခဲ့ဖူးသည်။


  • VIA
  • TAGS