News

POST TYPE

ENVIRONMENT

အင်းလေးဒေသတွင် ဆိပ်ကမ်းသစ် တည်ဆောက်ရန် တောင်းဆို
27-Feb-2017 tagged as


ရန်ကုန်၊ ဖေဖော်ဝါရီ ၂၇

နိုင်ငံခြား ခရီးသွား အများအပြား လာရောက် လည်ပတ်လေ့ရှိနေသည့် ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် ဆိပ်ကမ်းသစ် စီမံကိန်း အကောင်အထည်ဖော်  တည်ဆောက်သင့်ကြောင်း ဒေသခံများနှင့် လူမှုအဖွဲ့အစည်းများက တောင်းဆိုလိုက်သည်။

အင်းလေးကန်နှင့် ဆက်စပ် ရေလမ်းကြောင်းများမှ ရေပေါ်ကျေးရွာများတို့ စက်လှေဖြင့် လာရောက်ခြင်း၊ နိုင်ငံခြားသား ခရီးသွားများ အင်းလေးသို့  လာရောက်ရာတွင် စက်လှေများကို အဓိက အသုံးပြုလျက်ရှိရာ လှေအဆင်း၊ အတက် ပြုလုပ်ရာတွင် အခက်အခဲရှိကြောင်း ဒေသခံများက ပြောဆိုသည်။

ထို့ပြင် အင်းလေးကန်မှာလည်း ရေလျော့နည်းတိမ်ကောလာသည့်အတွက် ရေကြောင်းများ ပြန်လည် တူးဖော်ကာ မြေထိန်းနံရံများ တည်ဆောက်ထားခြင်းကြောင့်  စက်လှေများ ဖြတ်သန်းရာတွင် ရေဘောင်ခတ်သည့်အတွက် စက်လှေ အတက်အဆင်းတွင် မကြာခဏ ထိခိုက်မှုများ ရှိနေရာ ပိုမိုကောင်းမွန်သည့်  ဆိပ်ကမ်းသစ်တစ်ခု တည်ဆောက်ပေးရန် လိုအပ်ကြောင်း Save The Inle Lake အဖွဲ့ အထွေထွေ အတွင်းရေးမှူး ဦးခင်မောင်လတ်က ပြောကြားသည်။ 

“အဓိကကတော့ အင်းလေးကန်မှာ ရေထုနဲ့ကမ်းစပ် အလှမ်းကွာဟသွားတော့ အဆင် မပြေတော့ဘူး။ ဒါကြောင့် ဆိပ်ကမ်းသစ် တည်ဆောက်ဖို့လိုတယ်”ဟု ၎င်းကဆိုသည်။ 

အင်းလေးဒေသ၏ ရေဝေရေလဲဒေသ သစ်တောများ ပြုန်းတီးပြီး မြေဆီလွှာ တိုက်စားကာ ကန်အတွင်း နုန်းပို့ချမှု ပမာဏ မြင့်မားလာခြင်းနှင့် နေ့အပူချိန်  မြင့်တက်ပြီး ရာသီဥတု ဖောက်ပြန်ခြင်းတို့ကြောင့် မိုးရွာသွန်းမှု လျော့နည်း၍ အင်းလေးကန်အတွင်း ရေလျော့နည်း ခန်းခြောက်မှုကို ရင်ဆိုင်နေရခြင်းဖြစ်ကြောင်း  ပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင်များက ပြောကြားသည်။

ညောင်ရွှေမြို့နှင့် သုံးမိုင်ခန့်ကွာ ဝေးသည့် အင်းလေး အနောက်ဘက်ခြမ်းနေရာတွင် ဆိပ်ကမ်းသစ် တည်ဆောက်ရန် အကြံပြုတင်ပြထားပြီး ယင်းနေရာတွင်  ဆိပ်ကမ်းသစ် တည်ဆောက်ပြီးပါက ခရမ်းချဉ်သီးစိုက် တောင်သူများလည်း ကုန်တင်ပို့ရာတွင် လွယ်ကူလျင်မြန်စေမည်ဖြစ်ကာ လမ်းပန်းဆက်သွယ်ရေး  လွယ်ကူစေကြောင်း ၎င်းက ရှင်းပြပြောဆိုသည်။

လက်ရှိ ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် ကျေးရွာအုပ်စု ၃၅ စု၊ မြို့ပေါ် ၈ ရပ်ကွက်၊ ရွာပေါင်း ၄၄၅ ရွာ ရှိနေပြီး ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးလာသည့်အတွက်  ခရီးသွားကားများ တိုက်ရိုက်လာခြင်းနှင့် ကန်ပတ်ကားလမ်းများ ဖောက်လုပ်ပြီးစီးပြီဖြစ်၍ ယာဉ်များ သွားလာမှု ရှုပ်ထွေးနေသည့်အတွက် ဆိပ်ကမ်းသစ်ကို  စနစ်တကျ တည်ဆောက်လိုက်ပါက ယင်းအခက်အခဲများကို ဖြေရှင်းနိုင်မည်ဖြစ်ကြောင်း ဦးခင်မောင်လတ်က ပြောကြားသည်။

E-03

  • VIA
  • TAGS