News

POST TYPE

ENVIRONMENT

မကွေး၊ ပဲခူး၊ မွန်၊ ဧရာဝတီတို့ အပူအန္တရာယ် ကျရောက်နိုင်
27-Feb-2017

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၇

မတ်လ ပထမ သီတင်းပတ်အတွင်း မကွေးတိုင်းဒေသကြီး အပါအဝင် တိုင်းနှင့်  ပြည်နယ် အချို့တွင် နေ့အပူချိန် ၃၈ ဒီဂရီ စင်တီဂရိတ်အထက် ကျော်လွန်၍ နေ့အပူချိန် အမြင့်ဆုံး ရောက်ရှိကာ အပူဒဏ်အန္တရာယ် ရှိနေကြောင်း မိုးလေဝသပညာရှင် ဒေါက်တာ ထွန်းလွင်က ပြောကြားသည်။

နေ့အပူချိန်အမြင့်ဆုံး ၄၀ ဒီဂရီ စင်တီဂရိတ်မှ ၄၂ ဒီဂရီ စင်တီဂရိတ်အတွင်း ရောက်ရှိနိုင်သည့် ဒေသများမှာ မကွေး တိုင်းဒေသကြီး အနောက်တောင်ပိုင်းနှင့် တောင်ပိုင်း၊ ပဲခူးတိုင်းဒေသကြီး အနောက်မြောက်ပိုင်းနှင့် အလယ်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး အလယ်ပိုင်းနှင့် မွန်ပြည်နယ် အလယ်ပိုင်းဒေသတို့ဖြစ်ကြောင်း ၎င်းက သတိပေး ပြောဆိုသည်။

“အပူဒဏ်တစ်ခုတည်း မဟုတ်ဘူး။ ရေရှားတာတွေ၊ မီးလောင်တာတွေနဲ့ စိုက်ပျိုးရေးကဏ္ဍ အထွက်နှုန်းလျော့တာတွေပါ ဖြစ်လာနိုင်တယ်”ဟု ဒေါက်တာထွန်းလွင်က ဆိုသည်။

ရန်ကုန်မြို့တွင်လည်း ယင်းကာလအတွင်း နေ့အပူချိန် အမြင့်ဆုံး ၃၉ ဒီဂရီ စင်တီဂရိတ်အထိ မြင့်တက်နိုင်ပြီး မန္တလေးမြို့နှင့် အခြားသော မြို့ကြီးများတွင်လည်း နေ့အပူချိန်များ မြင့်တက်ဖွယ်ရှိကြောင်း ၎င်းက ခန့်မှန်းထားသည်။

ထို့ပြင် ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်းများမှာ ရန်ကုန် တိုင်းဒေသကြီး၊ မကွေး တိုင်းဒေသကြီး၊ ပဲခူး တိုင်းဒေသကြီး၊ ဧရာဝတီ တိုင်းဒေသကြီးနှင့် တနင်္သာရီ တိုင်းဒေသကြီးတို့တွင်  အန္တရာယ်ရှိ လွန်ကဲအဆင့် ၁၁ ထက် ကျော်လွန်ရောက်ရှိနိုင်ကြောင်း ၎င်းကဆိုသည်။

ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှစ၍ မကွေး တိုင်းဒေသကြီးရှိ သရက်မြို့နယ်၊ မင်းတုန်းမြို့နယ်၊ ကံမမြို့နယ်၊ ပဲခူးတိုင်း ဒေသကြီးရှိ ပြည်မြို့နယ်၊ သဲကုန်းမြို့နယ်၊ ပန်းတောင်းမြို့နယ်၊ ရွှေတောင်မြို့နယ်၊ မွန်ပြည်နယ်ရှိ မော်လမြိုင်မြို့နယ်၊ မုဒုံမြို့နယ်၊ သံဖြူဇရပ်မြို့နယ်၊ ချောင်းဆုံမြို့နယ်နှင့် ပေါင်မြို့နယ်တို့တွင် နေ့အပူချိန်များ သိသာစွာ မြင့်တက်လာနိုင်ပြီး အပူဒဏ်ကို သိသာစွာ ခံစားရနိုင်ကြောင်း မိုးလေဝသ ပညာရှင်များက ပြောကြားသည်။ 

E-03


  • VIA