News

POST TYPE

ENVIRONMENT

မျိုးသုဉ်းရန် အန္တရာယ်ရှိ တောင်ငုံးရင်မည်းငှက်ကို အသံလွှင့်စက် တပ်ဆင် သုတေသနပြုမည်
08-Aug-2016 tagged as

ရန်ကုန်၊ သြဂုတ် ၈

တနင်္သာရီတိုင်းဒေသကြီး မိုးသစ်တောများတွင်သာ အဓိက ကျက်စား နေထိုင်လျက်ရှိပြီး မျိုးသုဉ်းရန် အန္တရာယ် ရှိနေသည့် တောင်ငုံးရင်မည်း(Gurney’s Pitta) ငှက်မျိုးစိတ်ကို အသံလွှင့်စက် တပ်ဆင်၍ သုတေသနပြု လေ့လာမည်ဖြစ်ကြောင်း အပြည်ပြည်ဆိုင်ရာ တောရိုင်း တိရစ္ဆာန်နှင့် သစ်ပင်များအဖွဲ့(FFI) မြန်မာနိုင်ငံ အစီအစဉ်၏ တနင်္သာရီ အစီအစဉ် ညှိနှိုင်းရေးမှူး ဦးနေမျိုးရွှေက ပြောကြားသည်။

အဆိုပါ အသံလွှင့်စက် တပ်ဆင်ခြင်းဖြင့် တောင်ငုံးရင်မည်းငှက်၏ ရာသီကာလအလိုက် သွားလာနေထိုင် ကျက်စားမှု အခြေအနေ၊ အထီး၊ အမ အတူနေထိုင်သည့်ကာလ အစရှိသည့် အချက်အလက်များကို သိရှိနိုင်ရန် ဖြစ်ပြီး ဥမှသားပေါက်ကာ အကောင်ကြီးအရွယ် ရောက်ရှိပါက ဖမ်းဆီး၍ စက်တပ်ဆင်မည်ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

“ဘယ်လောက် ဝေးဝေးသွားတယ်။ ဘယ်ရာသီမှာ ဘယ်မှာနေတယ် ဆိုတာသိနိုင်အောင် သုတေသန ပြုတာပါ။ မေလကုန်လောက်က အမ တစ်ကောင် ဖမ်းပြီး စက်တပ်ထားတယ်။ အခု ထပ်ဖ မ်းဖို့ လုပ်နေတယ်”ဟု ဦးနေမျိုးရွှေကဆိုသည်။

တောင်ငုံးရင်မည်းငှက်သည် မြန်မာနိုင်ငံ၏ တနင်္သာရီဒေသတွင်သာ တွေ့ရှိရလေ့ ရှိသည့်အတွက် Jear Endemic စာရင်းဝင် မျိုးစိတ်ဖြစ်နေပြီး ဖမ်းဆီး သတ်ဖြတ်ခြင်းနှင့် သစ်တော ပြုန်းတီးခြင်းတို့ကြောင့် ကောင်ရေ လျော့နည်း လာနေရာ ထိန်းသိမ်းရေး ဆောင်ရွက်သင့်ကြောင်း ငှက် သုတေသပညာရှင် ဦးလေးဝင်းက သုံးသပ် ပြောဆိုသည်။

“Gurney’s Pitta က ထိုင်းတောင်ပိုင်းမှာ မျိုးသုဉ်းသွားပြီလို့တောင် ပြောလို့ရတယ်”ဟု ၎င်းက ဆိုသည်။

အဆိုပါ ငှက်မျိုးစိတ်သည် မြန်မာနိုင်ငံ တနင်္သာရီဒေသ တောင်ပိုင်းနှင့်ကပ်လျက် ထိုင်းနိုင်ငံ၏ သဘာဝ သစ်တောများအတွင်း၌ အရွယ်ရောက် ကောင်ရေ ၁၀၀၀၀ မှ ၁၇၂၀၀ ခန့် သားပေါက် ကျက်စားပြီး ယခုအခါ မျိုးသုဉ်းမည့် အန္တရာယ် ရှိနေသည့် ငှက်မျိုးစိတ်လည်း ဖြစ်ကြောင်း ငှက်နှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင်များထံမှ သိရသည်။

ယင်းသို့ ရှားပါး ငှက်မျိုးစိတ် တစ်မျိုးဖြစ်သည့် တောင်ငုံးရင်မည်းငှက် အများဆုံး နေထိုင်ကျက်စားရာ တနင်္သာရီတိုင်းဒေသကြီးရှိ လေညာငဝန် သစ်တောဒေသကို သဘာဝ ထိန်းသိမ်းရေး နယ်မြေအဖြစ် အတည်ပြု သတ်မှတ်နိုင်ရန် ဆောင်ရွက်လျက်ရှိပြီး ၂၀၁၄ ခုနှစ်မှ ၂၀၁၇ အထိ FFI အဖွဲ့နှင့်ပူးပေါင်း၍ သုတေသနပြု လေ့လာလျက်ရှိကြောင်း ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝ ထိန်းသိမ်းရေး အသင်း (BANCA) ထံမှ သိရသည်။

  • VIA
  • TAGS