News

POST TYPE

ENVIRONMENT

မွန်ပြည်နယ်တွင် တရားမဝင်သစ်တန် ၆၀ခန့် စံချိန်တင်ဖမ်းမိ
25-Feb-2017 tagged as


မော်လမြိုင်၊ ဖေဖော်ဝါရီ ၂၅ 

မွန်ပြည်နယ်တွင် ရန်ကုန်ဘက်မှ တရားမဝင်သစ်တန် ၆၀ခန့် တင်လာသော ၁၂ ဘီးကား ၇စီးကို ဖေဖော်ဝါရီလ ၂၅ရက် နံနက် ၁နာရီခန့်က ဖမ်းမိခဲ့ကြောင်း မော်လမြိုင်၊ သထုံခရိုင် သစ်တောဦးစီးဌာနထံမှ သိရသည်။ 

သစ်များ တင်ဆောင်လာသော ၁၂ ဘီးယာဉ်သုံးစီးကို  မုဒုံ - မော်လမြိုင် တိုးဂိတ်တွင်လည်းကောင်း၊ သံလွင်တံတား မုတ္တမဘက်ခြမ်းတွင် သုံးစီးနှင့် ပေါင်မြို့နယ်တွင် ၁ စီးကို လည်းကောင်း  စုစုပေါင်း မော်တော်ယာဉ် ၇ စီး ဖမ်းမိခဲ့ကြောင်း၊ ယင်းသစ်များမှာ ပိတောက်သစ်များဖြစ်ပြီး ရန်ကုန်မှ မွန်ပြည်နယ် မုဒုံမြို့၊ ကမာဝက်မြို့သို့ သယ်ဆောင်လာပြီး ယင်းမှတစ်ဆင့် ရေကြောင်းဖြင့် ပြည်ပသို့ တင်ပို့ရန် ဖြစ်ကြောင်း ယင်းဌာနထံမှ ထပ်မံသိရှိရသည်။ 

“သစ်မာအမျိုးအစား တန်ဖိုးကြီးသစ်ကို ဒီနှစ်ထဲမှာ ပထမဆုံး အများဆုံး ဖမ်းမိတာ၊ မနှစ်က ဖမ်းမိတဲ့တန် ၁၀ဝ ကျော်သစ်က အခု ဖမ်းမိတာလောက် တန်ဖိုး မကြီးဘူး၊ ဒီသစ်တွေကို နိုင်ငံခြားကို ပင်လယ်ထွက်ပေါက်က တင်ပို့မယ်လို့ သတင်း အတိအကျ ရထားပါတယ်”ဟု မော်လမြိုင်၊ သထုံခရိုင် သစ်တောဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးမြင့်အောင်က ပြောဆိုသည်။

ယခု သိမ်းဆည်းရမိသော ပိတောက်သစ်များမှာ စကွဲယားပုံစံ လုပ်ထားသော သစ်လုံးများဖြစ်ပြီး သစ်ပိုင်ရှင်များကို စစ်ဆေး ၍ မရသေးကြောင်း၊ သစ်ကားမောင်းလာသူများအနက် တစ်ဦးမှာ ထွက်ပြေးလွတ်မြောက်နေပြီး ကျန် ယာဉ်မောင်း ၆ ဦးနှင့် ယာဉ်နောက်လိုက် ၇ ဦးကို ဖမ်းမိထားကြောင်း ၎င်းက ပြောဆိုသည်။ 

“သူတို့ကသစ်ကို အောက်မှာထားတယ်။ အပေါ်မှာ ဆီးသီးအိတ်တွေ၊ ပဲအခွံတွေ၊ စပါးခွံတွေနဲ့ အုပ်ထားတယ်၊ ပိတောက်က အနံ့ရှိတယ်လေ။ အဲဒါကြောင့် အပေါ်မှာ ဆီးသီးအိတ်နဲ့ အနံ့ မထွက်အောင် လုပ်ထားတယ်၊ ပြီးတော့ အပေါ်မှာ တာလပတ် နှစ်ထပ် အုပ်ထားတယ်၊ သူတို့က ဘိလပ်မြေတင်တဲ့ ကားလိုပုံစံမျိုး လုပ်ထားတယ်”ဟု ၎င်းက ရှင်းပြသည်။


  • VIA
  • TAGS