News

POST TYPE

ENVIRONMENT

ဧရာဝတီမြစ်ရေ မြစ်ကြီးနားတွင် ခုနစ်ပေ မြင့်တက်၊ မြို့ကြီးများတွင် ဆက်တက်မည်
23-Feb-2017
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၃

မြန်မာနိုင်ငံမြောက်ပိုင်း ဒေသများတွင် မိုးရွာသွန်းမှုကြောင့် ဧရာဝတီမြစ်ရေသည် မြစ်ကြီးနားမြို့တွင် ခုနစ်ပေခန့် မြင့်တက်ခဲ့ပြီး မန္တလေး၊ ဗန်းမော်၊ ပခုက္ကူနှင့် ညောင်ဦး အစရှိသည့် မြို့ကြီးများတွင်လည်း မြစ်ရေမြင့်တက်လာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးက ပြောကြားသည်။

“မြစ်ကြီးနားမှာ ခုနစ်ပေတက်တယ် ဆိုတာကတော့ နည်းနည်းလေးများတယ်။ အဓိကကတော့ မြစ်ထဲဆင်း အလုပ်လုပ်နေတဲ့သူတွေ အနေနဲ့ သတိပြုဖို့ လိုပါတယ်” ဟု ၎င်းက ဆိုသည်။

ဧရာဝတီမြစ်ရေသည် ဖေဖော်ဝါရီလ ၂၃ ရက်နေ့ နေ့လယ် ၂ နာရီခွဲအချိန် တိုင်းထွာချက်အရ မြစ်ကြီးနားမြို့တွင် ၃၇၉ စင်တီမီတာသို့ ရောက်ရှိခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက သတင်းထုတ်ပြန်သည်။

ယင်းသို့ ဧရာဝတီမြစ် အထက်ပိုင်းတွင် မြင့်တက်ခဲ့သည့် မြစ်ရေများသည် နောက်သုံးရက်အတွင်း ဗန်းမော်မြို့၊ ရွှေကူမြို့နှင့် ကသာမြို့တို့တွင် ငါးပေမှ ခြောက်ပေခန့်၊ နောက်သုံးရက်မှ ခုနစ်ရက်အတွင်း သပိတ်ကျင်းမြို့၊ မန္တလေးမြို့၊ စစ်ကိုင်းမြို့၊ မြင်းမူမြို့၊ ပခုက္ကူမြို့နှင့် ညောင်ဦးမြို့တို့တွင် သုံးပေမှ လေးပေခန့်နှင့် နောက်ခြောက်ရက်မှ ၁၂ ရက်အတွင်း ချောက်မြို့၊ မင်းဘူးမြို့၊ မကွေးမြို့၊ အောင်လံမြို့၊ ပြည်မြို့၊ ဆိပ်သာမြို့၊ ဟင်္သာတမြို့နှင့် ဇလွန်မြို့တို့တွင် တစ်ပေခွဲမှ နှစ်ပေခွဲခန့်အထိ လက်ရှိရေမှတ်များအထက် မြင့်တက်လာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက သတိပေးထားသည်။

E-03