News

POST TYPE

ENVIRONMENT

မြန်မာနိုင်ငံတစ်ဝန်း နွေကာလ အပူဒဏ်အန္တရာယ်ရှိ
21-Feb-2017 tagged as

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၀

ကမ္ဘာ့သမိုင်းတစ်လျှောက် တတိယ အပူချိန်အမြင့်ဆုံးသို့ ရောက်ရှိခဲ့သည့် ဇန်နဝါရီလမှ စတင်၍ လာမည့် နွေကာလ ဧပြီလအထိ မြန်မာနိုင်ငံတစ်ဝန်း အပူချိန် များမြင့်တက်ပြီး အပူဒဏ် အန္တရာယ်ကို ကြုံတွေ့ရနိုင်ဖွယ်ရှိကြောင်း မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က ပြောကြားသည်။ 

ယခုနှစ် ဇန်နဝါရီလသည် ကမ္ဘာ့မှတ်တမ်းများအရ အပူချိန် အမြင့်ဆုံးလ တစ်လ ဖြစ်ခဲ့ပြီး ဇန်နဝါရီလ၏ အပူချိန်သည် ၁၉၈၁ ခုနှစ်မှ ၂၀၁၀ ပြည့်နှစ်အထိ နှစ် ၃၀ ကာလ၏ ပုံမှန်အပူချိန်ထက် သုညဒသမ သုညသုံး ဒီဂရီစင်တီဂရိတ် ပိုများနေကြောင်း၊ ယင်းဖြစ်စဉ်ကြောင့် လာမည့် ဧပြီလအထိ နေ့အပူချိန်များ ပုံမှန်ထက် ပိုလာနိုင်ပြီး အပူချိန်များ ဆက်လက်မြင့်တက်နိုင်ကြောင်း ၎င်းက ပြောဆိုသည်။

“အယ်နီညိုနှစ် မဖြစ်ဘူး။ ကြားနေနှစ် ဖြစ်ပေမယ့် အလွန်ပူတဲ့နှစ် တစ်နှစ် ဖြစ်လာဦးမယ်” ဟု ဒေါက်တာထွန်းလွင်က ဆိုသည်။

ယင်းသို့ မြန်မာနိုင်ငံတစ်ဝန်း အပူချိန်များ မြင့်တက်လာနိုင်သည့်အတွက် အပူချိန်မြင့်မားခြင်း၊ ရေရှားပါးခြင်း၊ မီးလောင်ကျွမ်းမှုဖြစ်စဉ် များလာခြင်း၊ စိုက်ပျိုးသီးနှံများ ထိခိုက်ပျက်စီးလာနိုင်ခြင်းနှင့် ကျန်းမာရေးဆိုင်ရာ ပြဿနာများကို ကြုံတွေ့ရနိုင်ဖွယ်ရှိကြောင်း ၎င်းက သတိပေး ပြောကြားသည်။

ထို့ပြင် ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်းများမှာလည်း တစ်နိုင်ငံလုံး၌ အလွန်မြင့်မားသည့် အဆင့်သို့ ရောက်ရှိနေကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

ယခုနှစ် နှစ်လယ်ပိုင်းကာလအထိ ကြားနေနှစ်တစ်နှစ် ဖြစ်နိုင်ဖွယ်ရှိပြီး လာမည့် စက်တင်ဘာ၊ အောက်တိုဘာနှင့် နိုဝင်ဘာလများတွင် ပူပြင်းခြောက်သွေ့သည့် အယ်နီညိုနှစ် တစ်နှစ် ဖြစ်လာနိုင်ကြောင်း မိုးလေဝသပညာရှင်များနှင့် နိုင်ငံတကာ မိုးလေဝသ ဌာနများကလည်း ခန့်မှန်းချက် ထုတ်ပြန်ထားသည်။

E-03

  • TAGS