News

POST TYPE

ENVIRONMENT

အင်းကျားပေါက် တွေ့ရှိအပ်နှံသူများကို တိုင်းအဆင့် ဆုချီးမြှင့်မည်
16-Feb-2017

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၆ 

မျိုးသုဉ်းပျောက်ကွယ်မည့် အန္တရာယ်နှင့် ရင်ဆိုင်နေရသည့် အင်းကျားပေါက်ကို ဟုမ္မလင်းမြို့နယ် အတွင်းမှ တွေ့ရှိဖမ်းဆီးပြီး သစ်တောဦးစီးဌာနသို့ အပ်နှံခဲ့သူများကို ယခုလအတွင်း တိုင်းအဆင့် ဆုချီးမြှင့်မည် ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူး ဦးခင်မောင်ဝင်းက ပြောကြားသည်။

အဆိုပါ အင်းကျားပေါက်ကို ဖမ်းဆီး၍ သစ်တောဦးစီးဌာနသို့ ဆက်သွယ်ပေးပို့ခဲ့သည့် ဒေသခံခြောက်ဦးကို စစ်ကိုင်းတိုင်းဒေသကြီး သစ်တောဦးစီးဌာန ဝန်ထမ်းများက ၎င်းတို့၏ ၂၀၁၅ -၂၀၁၆ ဘဏ္ဍာနှစ်က ဖမ်းဆီးရမိသည့် သစ်တန်ချိန်အလိုက် ရရှိခဲ့သည့် ဆုငွေများကို စုပေါင်း၍ ဆုချီးမြှင့်မည် ဖြစ်ကြောင်း ၎င်းက ရှင်းပြပြောဆိုသည်။

ယင်းအင်းကျားပေါက်ကို ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၈ ရက်နေ့က ဟုမ္မလင်းမြို့နယ် ပင်ဖာဖာကျေးရွာနှင့် နတ်နန်းကျေးရွာအနီးတွင် တွေ့ရှိခဲ့ရပြီး ဒေသခံများက ဖမ်းဆီးကာ သစ်တောဦးစီးဌာနသို့ ဆက်သွယ်ပေးပို့ခဲ့ကြောင်း၊ လက်ရှိတွင် အဆိုပါ အင်းကျားပေါက်ကို မန္တလေး ရတနာပုံ တိရစ္ဆာန်ဥယျာဉ်တွင် ပြသထားကြောင်း သစ်တောဦးစီးဌာနထံမှ သိရသည်။

E-03