News

POST TYPE

ENVIRONMENT

မိုးယွန်းကြီးအင်းတွင် ယခုနှစ် ဆောင်းခိုငှက်ဝင်ရောက်မှုနည်း
03-Feb-2017


ရန်ကုန်၊ ဖေဖော်ဝါရီ ၂

မြန်မာနိုင်ငံ၏ ပထမဆုံးသော ရေ၀ပ်ဒေသ (Ramsar Site)အဖြစ် သတ်မှတ်ခြင်း ခံရသည့် ပဲခူးတိုင်းဒေသကြီး အတွင်းရှိ မိုးယွန်းကြီးအင်းအတွင်း ဆောင်းခိုငှက် ၀င်ရောက်ကျက်စားမှု လျော့နည်းကြောင်း မိုးယွန်းကြီးအင်း တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော ဥယျာဉ်အုပ်ချုပ်ရေးမှူး ဒေါ်သင်းသင်းယုက ပြောကြားသည်။

မိုးယွန်းကြီးအင်းအတွင်း ယခင်နှစ်က ဆောင်းခိုငှက်မျိုးစိတ် ၄၉ မျိုးခန့် လာရောက် ကျက်စားသော်လည်း ယခုနှစ်တွင် မျိုးစိတ် ၄၀ ခန့်သာ လာရောက် ကျက်စားမှု ရှိနေသည်ကို စာရင်း ကောက်ယူမှုများအရ တွေ့ရှိရကြောင်း ၎င်းက ပြောဆိုသည်။

“အခုကတော့ စာရင်းကောက်ယူနေဆဲပါ”ဟု ဒေါ်သင်းသင်းယုက ဆိုသည်။

ဆောင်းခိုငှက်များသည် အောက်တိုဘာလမှ မတ်လဆန်းပိုင်းအတွင်း လာရောက်ကျက်စားလေ့ရှိပြီး စာရင်း ကောက်ယူရာတွင် ယခင်နှစ်စာရင်းများ အရ မျိုးစိတ် ၁၃၃ မျိုးတွင် ဆောင်းခို ငှက်မျိုးစိတ် ၄၉ မျိုးနှင့် ဌာနေငှက် ၈၄ မျိုး ကျရောက်ပြီး ကောင်ရေအားဖြင့် နှစ်သောင်းခွဲ ၀န်းကျင်ခန့် ကျရောက်ခဲ့ကြောင်း ၎င်းက ရှင်းပြသည်။

ယင်းသို့ ဆောင်းခိုငှက်များ ၀င်ရောက် ကျက်စားမှု လျော့နည်းလာခြင်းမှာ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုး တိုးတက်လာမှုနှင့်အတူ လူနေထူထပ်ခြင်းတို့သည် အဓိက အကြောင်းရင်းတစ်ခု ဖြစ်နေပြီး ရာသီဥတု ပြောင်းလဲခြင်းသည်လည်း တစ်စိတ်တစ်ပိုင်း သက်ဆိုင်နေကြောင်း ငှက်နှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင်များက သုံးသပ် ပြောဆိုသည်။

“မျက်မြင်အရတော့ ဆောင်းခို ငှက်တွေ မတွေ့ရဘူး။ တော်တော်ကို နည်းနေတယ်”ဟု မိုးယွန်းကြီးအင်းအတွင်း စက်လှေဖြင့် လှည့်လည် လေ့လာခဲ့သူ တစ်ဦးက ဆိုသည်။ 

ဆောင်းခိုငှက်များသည် ဆောင်းရာသီကာလအတွင်း ကမ္ဘာပေါ်တွင် လမ်းကြောင်းကြီး ရှစ်ခုဖြင့် တစ်နေရာမှ တစ်နေရာသို့ ပျံသန်းပြောင်းရွှေ့ကြရာ၌ မြန်မာနိုင်ငံသည် လမ်းကြောင်းကြီး နှစ်ခုအောက်တွင် ကျရောက်နေရာ နှစ်စဉ် ဆောင်းခိုငှက်များသည် အင်းတော်ကြီးအိုင်၊ မိုးယွန်းကြီးအင်း၊ အင်းလေးကန်နှင့် မုတ္တမကွေ့ စသည့်ဒေသများတွင် ပုံမှန် လာရောက် ဆောင်းခိုလေ့ ရှိသည်။

မိုးယွန်းကြီး အင်းတောရိုင်းတိရစ္ဆာန် ဘေးမဲ့တောကို ၁၉၈၈ ခုနှစ်တွင်စတင် တည်ထောင်ခဲ့ပြီး အကျယ်အ၀န်းအားဖြင့် ၂၅၆၀၀ ဧကရှိကာ ပထမဆုံးသော ရေ၀ပ် ဒေသအဖြစ် ၂၀၀၅ ခုနှစ်တွင် စတင်သတ် မှတ်ခြင်းခံခဲ့ရကြောင်း  သစ်တောဦးစီး ဌာနထံမှ သိရသည်။

E-03

  • VIA