News

POST TYPE

ENVIRONMENT

သစ်တောပြုန်းတီးမှု၊ သစ်တော အတန်းစား ကျဆင်းမှု လျော့ကျရန် REDD စီမံကိန်း လေးနှစ် ဆောင်ရွက်မည်
27-Jan-2017 tagged as သစ်တော

ရန်ကုန်၊ ဇန်နဝါရီ ၂၇

အမျိုးသားအဆင့်အနေနှင့် သစ်တောပြုန်းတီးခြင်းနှင့် သစ်တော အတန်းအစား ကျဆင်းမှုမှ ကာဗွန်ထုတ်လုပ်မှု လျော့ချမည့် REDD စီမံကိန်းကို၂၀၁၇ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ လေးနှစ် ဆောင်ရွက်မည်ဖြစ်ကြောင်း UN-REDD Programme Myanmar က သတင်းထုတ်ပြန်ထားသည်။

“မြန်မာနိုင်ငံမှာ သစ်တောပြုန်းတီးမှုနဲ့ သစ်တော အတန်းအစား ကျဆင်းမှုကို လျှော့ချပြီး ရာသီဥတု ပြောင်းလဲမှုကို လျော့ပါး သက်သာအောင် လုပ်ဆောင်နိုင်မယ့် အလားအလာဟာ တခြားနိုင်ငံတွေနဲ့ နှိုင်းယှဉ် ကြည့်မယ်ဆိုရင် မြင့်မားတာကို တွေ့ရပါတယ်”ဟု သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက ဆိုသည်။

အဆိုပါ အစီအစဉ်တွင် စီမံချက် လေးခုပါဝင်ကာ အမျိုးသားအဆင့် REDD စီမံကိန်း ရေးဆွဲရေး အစီအစဉ်၊ သစ်တော ဥပဒေကို နိုင်ငံတကာ သစ်တောဥပဒေများအညီ ဖြစ်စေရန်၊ လူမှုရေးနှင့်ပတ်ဝန်းကျင် လုံခြုံရေး၊ ကာဗွန် တည်ရှိနေမှုကို တိုင်းတာပြီး အခြေခံ စည်းမျဉ်း တည်ဆောက်ခြင်းတို့ဖြစ်ကြောင်း သစ်တော သုတေသနဌာန၊ ညွှန်ကြားရေးမှူး ဒေါက်တာသောင်းနိုင်ဦးက ပြောကြားသည်။

ဖွံ့ဖြိုးပြီး နိုင်ငံများမှ ထုတ်လွှင့်သည့် ကာဗွန်များကို မြန်မာသစ်တောများတွင် ထိန်းသိမ်းထားပြီး ထိုကာဗွန် တည်ရှိနေမှုကို တိုင်းတာနိုင်ချိန်တွင် ကာဗွန်ရောင်းဝယ်မှုကနေ ငွေကြးရရှိမည် ဖြစ်သည်။ 

“အဲ့တာတွေ လုပ်ထားမှနောက်ပြီး UNFCCC (United Nations Framework Convention on Climate Change) ရဲ့ စည်းကမ်းတွေကို လိုက်နာပြီး သိုလှောင်ထားတဲ့ ကာဗွန်တွေကိုတိုင်းတာပြီး ကာဗွန်ကနေ ငွေရမှာ ဖြစ်တယ်။ ဒီကြားထဲမှာလဲ Capacity building လုပ်မယ် ” ဟု ဒေါက်တာသောင်းနိုင်ဦးက ဆက်လက် ပြောကြားသည်။  

သစ်တောများကို ခုတ်လှဲခြင်းနှင့် တောင်ယာ လုပ်ကိုင်ခြင်းများကြောင့် သစ်တော အတန်းအစား ကျဆင်းပြီး အောက်ဆီဂျင် ထုတ်လွှတ်မှု နည်းပါးပြီး ကာဗွန်ဒိုင်အောက်ဆိုက် များပြားနေသည်။ 

မြန်မာနိုင်ငံ၏ ကုန်းမြေ ဧရိယာတွင် ၄၃ ရာခိုင်နှုန်းခန့်သည် သစ်တောများ ဖုံးလွှမ်းနေသော်လည်း ကမ္ဘာနိုင်ငံများတွင် မြန်မာနိုင်ငံ၏ သစ်တောပြုန်းတီးမှုက တတိယအဆင့်တွင် ရှိသည်။ အဆိုပါအစီအစဉ်ကို နော်ဝေနိုင်ငံ အစိုးရ၏ ထောက်ပံ့ငွေ ဘတ်ဂျက် အမေရိကန်ဒေါ်လာ ၅ ဒဿမ ၅ သန်း သုံးစွဲမည်ဖြစ်သည်။ 

UN-REDD အစီအစဉ်က ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့(FAO)၊ ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ် (UNDP) နှင့် ကုလသမဂ္ဂ ပတ်ဝန်းကျင်ဆိုင်ရာအစီအစဉ် (UNEP) တို့၏ အကူအညီနှင့် နည်းပညာ ကျွမ်းကျင်မှုများကို ဖွံ့ဖြိုးဆဲ နိုင်ငံများတွင် သစ်တောပြုန်းတီးခြင်းနှင့် သစ်တော အတန်းအစား ကျဆင်းမှုကြောင့် ဖြစ်ပေါ်လာသည့် ကာဗွန် ထုတ်လွှတ်မှုများကို လျော့ချရန် လုပ်ဆောင်နေသည့် အဖွဲ့အစည်း တစ်ခုဖြစ်သည်။  

  • VIA