News

POST TYPE

ENVIRONMENT

ရန်ကုန်နှင့် ဒေသအချို့ ည အအေးပိုမည်
26-Jan-2017
ရန်ကုန်၊ ဇန်နဝါရီ ၂၆

လေဖိအားများရပ်ဝန်း အားကောင်းနေခြင်းကြောင့် နောက်နှစ်ရက်အတွင်း ရန်ကုန် တိုင်းဒေသကြီး အပါအဝင် ဒေသအချို့၌ ညအပူချိန်များ ကျဆင်းနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီး ဌာနက သတင်းထုတ်ပြန်သည်။

ရန်ကုန် တိုင်းဒေသကြီး၊ ပဲခူး တိုင်းဒေသကြီး၊ ဧရာဝတီ တိုင်းဒေသကြီးနှင့် ကယားပြည်နယ်တို့တွင် ပုံမှန် ညအပူချိန်များထက် အနည်းငယ် ကျဆင်းလာနိုင်ပြီး ရှမ်းပြည်နယ်နှင့် ချင်းပြည်နယ် အပါအဝင် ဒေသအချို့တွင် အအေး ပိုနေနိုင်ကြောင်း အဆိုပါဌာနထံမှ သိရသည်။

ဇန်နဝါရီလ ၂၇ ရက်နေ့မှစ၍ ယခု လကုန်အထိ ဒေသအချို့တွင် အအေးဓာတ် ပြန်ပိုလာနိုင်ပြီး မြန်မာနိုင်ငံ မြောက်ပိုင်းဒေသများတွင် ဇန်နဝါရီလ ၂၇ ရက်နေ့မှ ၃၀ ရက်နေ့အတွင်း မိုးထစ်ချုန်း ရွာနိုင်ဖွယ်ရှိကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်လွင်ဦးက ခန့်မှန်းပြောဆိုသည်။

ထူးခြားသည့် ညအပူချိန်များမှာ ဟားခါးမြို့တွင် ၁ ဒီဂရီစင်တီဂရိတ်၊ ပူတာအိုမြို့နှင့် နမ့်စန်မြို့တို့တွင် ၅ ဒီဂရီစင်တီ ဂရိတ်နှင့် မချမ်းဘောမြို့၊ ပင်လောင်းမြို့နှင့် ဟဲဟိုးမြို့တို့တွင် ၆ ဒီဂရီစင်တီဂရိတ်စီ ရှိကြောင်း ယင်းဌာနထံမှ သိရသည်။

ရန်ကုန်မြို့၏ အနိမ့်ဆုံး အပူချိန်မှာ ၂၀ ဒီဂရီစင်တီဂရိတ်၊ နေပြည်တော်တွင် ၁၇ ဒီဂရီစင်တီဂရိတ်နှင့် မန္တလေးမြို့တွင် ၁၅ ဒီဂရီစင်တီဂရိတ်ဖြစ်ကြောင်း ဇန်နဝါရီ လ ၂၆ ရက်နေ့ တိုင်းတာချက်များအရ သိရသည်။                        

E-03


  • VIA