News

POST TYPE

ENVIRONMENT

ပြည်ပတင်ပို့မည့် တရားမဝင် ကျွန်းသစ်ပါ ကွန်တိန်နာ နှစ်လုံးဖမ်းမိ
25-Jan-2017
(ဓာတ်ပုံ - သစ်တောဦးစီးဌာန)
ရန်ကုန်၊ ဇန်နဝါရီ ၂၅

ပြည်ပသို့တင်ပို့မည့် တရားမဝင် ကျွန်းသစ်များပါရှိသည့် ကုန်သေတ္တာ(ကွန်တိန်နာ) နှစ်လုံးကို ဇန်နဝါရီလ ၂၄ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်က ရန်ကုန်ဆိပ်ကမ်းအတွင်း ဖမ်းဆီးရမိခဲ့ကြောင်း သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ညီညီကျော်က ပြောကြားသည်။

အဆိုပါ ရန်ကုန်ဆိပ်ကမ်းအတွင်း ရောက်ရှိနေသည့် ကုန်သေတ္တာ နှစ်လုံးမှ ပြည်ပသို့ တင်ပို့မည့် တရားမဝင် ကျွန်းခွဲသား ၂၄ တန်ကို စစ်ဆေးတွေ့ရှိရသဖြင့် သစ်တောဥပဒေဖြင့် အရေးယူရန် ဆောင်ရွက်လျက်ရှိကြောင်း ၎င်းက ပြောဆိုသည်။

ယင်းသို့ သစ်တောထွက် ပစ္စည်းများကို ပြည်ပသို့တင်ပို့ရာတွင် သစ်တောဦးစီးဌာန၏ ထောက်ခံချက် ရယူရန် လိုအပ်သော်လည်း ယခု ဖမ်းဆီးရမိသည့် တရားမဝင် ကျွန်းသစ်များသည် သစ်တောဦးစီးဌာန၏ စစ်ဆေး ထောက်ခံချက် ရယူထားခြင်း မရှိကြောင်း ဒေါက်တာ ညီညီကျော်က ရှင်းပြသည်။

ယခုကဲ့သို့ ဖမ်းဆီးရမိသည့် တရားမဝင်သစ်များနှင့် ပတ်သက်၍ စစ်ဆေး ဖော်ထုတ်ရာတွင် Myanmar Beans & Timbers Trading ကုမ္ပဏီက လုပ်ဆောင်ခြင်းဖြစ်ကြောင်း၊ ယင်းသို့ တရားမဝင် တင်ပို့မှုနှင့်ပတ်သက်၍ အသေးစိတ် စစ်ဆေးဖော်ထုတ် အရေးယူမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

“Agent ကတစ်ဆင့် ဆက်စပ်ဖော်ထုတ် အရေးယူသွားမယ်”ဟု ဒေါက်တာ ညီညီကျော်က ဆိုသည်။

မြန်မာနိုင်ငံမှ ပြည်ပသို့ ကျွန်းသစ်အလုံးလိုက် တင်ပို့မှုကို ၂၀၁၄ ခုနှစ် ဧပြီလတွင် စတင် ရပ်ဆိုင်းခဲ့ပြီး သစ်အချောထည်နှင့် ခွဲသားများကိုသာ ပြည်ပသို့ တင်ပို့ခွင့်ပြုထားရာတွင် မည်သည့်သစ်မဆို ပြည်ပသို့တင်ပို့ရာ၌ သစ်တောဦးစီးဌာန၏ ခွင့်ပြု ထောက်ခံချက် လိုအပ်ကြောင်း သစ်တောဦးစီးဌာနက ကြေညာထားသည်။

E-03


  • VIA