News

POST TYPE

ENVIRONMENT

ဲမြန်မာနိုင်ငံတစ်ဝန်း အပူချိန်မြင့်တက်မည်
23-Jan-2017
ရန်ကုန်၊ ဇန်နဝါရီ ၂၃

လာမည့် နွေရာသီကာလအတွင်း မြန်မာနိုင်ငံ တစ်ဝန်း၌ အပူချိန်များ မြင့်တက်လာနိုင်ပြီး ပူပြင်း ခြောက်သွေ့မည့် အန္တရာယ် ရှိနိုင်ကြောင်း မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က ပြောကြားသည်။

ဖေဖော်ဝါရီလမှ ဧပြီလအတွင်း ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ် အလယ်ပိုင်း၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးတို့တွင် ပုံမှန် အပူချိန်ထက် ၁ ဒီဂရီ စင်တီဂရိတ်အထိ မြင့်တက်လာနိုင်ကြောင်း ၎င်းက ပြောဆိုသည်။

“နွေရာသီမှာ ပူပြင်းမှုဒဏ်ကို ကြုံရနိုင်တယ်။ ပုံမှန်ထက်တော့ ပိုမှာပေါ့လေ။ စံချိန်တော့ တင်ချင်မှတင်မယ်”ဟု ၎င်းက ဆိုသည်။

၂၀၁၆ ခုနှစ်သည် ကမ္ဘာ့သမိုင်းတစ်လျှောက် အပူဆုံးနှစ်ဖြစ်ခဲ့ပြီး ယခုနှစ်တွင်လည်း အပူချိန်များ မြင့်တက်နိုင်ဖွယ်ရှိကြောင်း၊ ယင်းကြောင့် မြန်မာနိုင်ငံ အလယ်ပိုင်းဒေသနှင့် အောက်ပိုင်းဒေသများရှိ ဒေသအချို့တွင် အပူချိန် မြင့်မားနိုင်သည့် အန္တရာယ်ကို သတိပြုရန် လိုအပ်ကြောင်း ဒေါက်တာ ထွန်းလွင်က ပြောကြားသည်။

ပြီးခဲ့သည့် ၂၀၁၆ ခုနှစ် နောက်ဆုံး သုံးလအတွင်း လာနီညာ ရာသီဥတု ဖြစ်ခဲ့သော်လည်း ယခုနှစ်တွင်မူ ဇန်နဝါရီလမှ ဇူလိုင်လအထိ ရိုးရိုးနှစ်အဖြစ် ရောက်ရှိမည်ဖြစ်ကြောင်း ၎င်းက ခန့်မှန်း ပြောဆိုသည်။

E-03


  • VIA