News

POST TYPE

ENVIRONMENT

မုန်တိုင်းလမ်းကြောင်းပြောင်းလဲ၊ မွန်ပြည်နယ်သို့ ဦးတည်ရွေ့လျားနိုင်
08-Jan-2017
ဓာတ်ပုံ- Tropical Tidbits

ရန်ကုန်၊ ဇန်နဝါရီ ၈

ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်နေသည့် လေဖိအားနည်းရပ်ဝန်းသည် ပိုမို အားကောင်းလာကာ မုန်တိုင်းငယ်အဖြစ် ရောက်ရှိနိုင်ရာတွင် ယခင် ဦးတည်နေသည့် လမ်းကြောင်းပြောင်းလဲ၍ မွန်ပြည်နယ်သို့ ရွေ့လျားနိုင်ကြောင်း မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က ပြောကြားသည်။

အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် နောက် ၄၈ နာရီအတွင်း မုန်တိုင်းငယ်အဖြစ် ရောက်ရှိလာနိုင်ပြီး အရှေ့မြောက်ဘက်သို့ ဆက်လက် ရွေ့လျားနိုင်ကြောင်း၊ ယင်းနောက်ကမ်းသို့ မဖြတ်မီ အားပြန်လျော့ကျလာနိုင်ပြီး မွန်ပြည်နယ်သို့ ဦးတည်ရွေ့လျားနိုင်ကြောင်း ၎င်းက ခန့်မှန်းချက် ထုတ်ပြန်ထားသည်။

ယခင် ခန့်မှန်းချက်များအရ အဆိုပါ မုန်တိုင်းသည် ရန်ကုန်နှင့် မြစ်ဝကျွန်းပေါ်ဒေသသို့ ဦးတည်ဖြတ်ကျော်မည် ဖြစ်သော်လည်း လမ်းကြောင်း ပြောင်းလဲကာ မြန်မာ့သမိုင်းတစ်လျှောက် မုန်တိုင်း မဝင်ရောက်ခဲ့ဖူးသည့် ဒေသများဖြစ်သည့် မွန်နှင့် တနင်္သာရီ ကမ်းရိုးတန်း ဒေသများသို့ ဦးတည်ရွေ့လျားနေသည့်အတွက် အင်အား မပြင်းထန်နိုင်သော်လည်း သတိပြုရန် လိုအပ်ကြောင်း မိုးလေဝသ ပညာရှင်များက သုံးသပ် ပြောဆိုသည်။

မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနကလည်း ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနှင့် ယင်းနှင့် ဆက်စပ်လျက်ရှိသည့် ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် နောက် ၄၈ နာရီအတွင်း ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ် (Depression) အဖြစ်သို့ ရောက်ရှိနိုင်ကြောင်း ခန့်မှန်းထားသည်။

ဇန်နဝါရီလ ၉ ရက်နေ့ နောက်ပိုင်းတွင် မြောက်ဘက်သို့ ဆက်လက် ရွေ့လျားပြီး မုန်တိုင်းအဆင့် ရောက်ရှိကာ ဇန်နဝါရီလ ၁၁ ရက်နေ့ ညတွင် ရေးနှင့် ထားဝယ်မြို့ကြားမှ ကုန်းတွင်းကို ဖြတ်ကျော် ဝင်ရောက်နိုင်မည်ဖြစ်ကြောင်း၊ ယင်းခန့်မှန်း လမ်းကြောင်းအတိုင်းသာ ကုန်းတွင်းသို့ ဝင်ရောက်မည် ဆိုပါက ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသနှင့် ရန်ကုန်တိုင်းဒေသကြီးတို့အတွက် မုန်တိုင်းအန္တရာယ် ကျရောက်နိုင်ခြေ လျော့နည်းနိုင်ကြောင်း ရာသီဥတု၊ မိုးလေဝသနှင့် သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ လေ့လာတင်ပြနေသည့် MMweather Page တွင် ရေးသားဖော်ပြထားသည်။

E-03



  • VIA