News

POST TYPE

ENVIRONMENT

ဘင်္ဂလားပင်လယ်အော် လေဖိအားနည်းရပ်ဝန်း မြန်မာနိုင်ငံအနေနှင့် သတိပြုရန်လို
04-Jan-2017 tagged as မိုးလေဝသ

ရန်ကုန်၊ ဇန်နဝါရီ ၎

လက်ရှိ ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်နေသည့် လေဖိအားနည်းရပ်ဝန်းသည် ပိုမိုအားကောင်းလာကာ မုန်တိုင်းအဖြစ်သို့ ရောက်ရှိလာနိုင်သည့်အတွက် မြန်မာနိုင်ငံ အနေနှင့် သတိပြုရန်လိုအပ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးက ပြောကြားသည်။

“မြန်မာနိုင်ငံအနေနဲ့ ဂရုပြုဖို့လိုပါတယ်။ သင်္ချာပုံစံပြု မော်ဒယ်တွေမှာတော့ ဦးတည်နေတယ်။ လောလောဆယ် လေဖိအားနည်းပဲရှိသေးတော့ ပြောင်းလဲမှု ရှိနိုင်သေးတယ်”ဟု ၎င်းက သတိပေး ပြောဆိုသည်။

အဆိုပါ လေဖိအားနည်း ရပ်ဝန်းသည် နောက် ၂၄ နာရီအတွင်း ပိုမို အားကောင်းလာကာ မုန်တိုင်းငယ်(Depression)အဖြစ်သို့ ရောက်ရှိနိုင်ကြောင်း၊ ယင်းအရှိန်ကြောင့် မြစ်ဝ ကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်- တနင်္သာရီ ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက သတင်းထုတ်ပြန်သည်။

ထို့ပြင် ရန်ကုန်တိုင်းဒေသကြီး၊ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကွက်ကျားမှ နေရာကျဲကျဲ မိုးဆက်လက် ရွာနိုင်ကြောင်း အဆိုပါဌာနက ခန့်မှန်းထားသည်။

E-03