POST TYPE

ENVIRONMENT

တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့ အအေးဆက်ပိုနိုင်ပြီး မြူထူဆိုင်းမည်
17-Dec-2016 tagged as မိုးလေဝသ

ရန်ကုန်၊ ဒီဇင်ဘာ ၁၇

လေဖိအားများရပ်ဝန်း အားကောင်းနေမှုကြောင့် ကုန်းမြင့်တောင်တန်း ဒေသများတွင် အအေးဓာတ် ဆက်လက်ပိုနိုင်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် မြူထူဆိုင်းနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်လွင်ဦးက ပြောကြားသည်။

ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် ဒီဇင်ဘာလ ၂၂ ရက်နေ့အထိ ဆက်လက်အအေးပိုနိုင်သည့် အပြင် ဒေသအချို့တွင်လည်း မြူများ ထူထပ်စွာ ကျဆင်းနိုင်ကြောင်း၊ ယင်းကာလအတွင်း မြန်မာနိုင်ငံ တောင်ပိုင်းစွန်း ဒေသများတွင်မူ မိုးအနည်းငယ် ရွာနိုင်ကြောင်း ၎င်းက ခန့်မှန်းပြောဆိုသည်။

“ထူထပ်တဲ့ မြူထူဆိုင်းမှုကြောင့် အဝေးမြင်ကွင်း လျော့နည်းလို့ လေယာဉ်၊ ရေယာဉ်၊ ရထား၊ မော်တော်ယာဉ်များနဲ့ အမြန်လမ်း မောင်းနှင်နေတဲ့ မော်တော်ယာဉ်များ မြူထူဆိုင်းမှုကို သတိပြုသင့်ပါတယ်” ဟု ဦးကျော်လွင်ဦးက ဆိုသည်။

ဒီဇင်ဘာလ ၂၁ ရက်နေ့ ညနေ ၅ နာရီ ၁၄ မိနစ်ခန့်သည် မြန်မာနိုင်ငံအနေနှင့် နေလမ်းကြောင်း တည့်မတ်မှုနှင့် အဝေးဆုံးအချိန် ဖြစ်သည့်အတွက် ရာသီသဘာဝအရ ဒီဇင်ဘာလ ၂၂ ရက်နေ့ နောက်ပိုင်းတွင် တစ်နိုင်ငံလုံး၌ အအေးပိုနိုင်ကြောင်း၊ သို့သော် သိသာစွာ အအေးပိုခဲ့သည့် ၁၉၉၉ ခုနှစ် ဒီဇင်ဘာလကဲ့သို့ အအေးပိုသည့် ဖြစ်စဉ် မရှိသေးကြောင်း ၎င်းက ရှင်းပြသည်။

ထူးခြားသည့် ညအပူချိန်များမှာ ပူတာအိုမြို့တွင် ၃ ဒီဂရီစင်တီဂရိတ်နှင့် ဟားခါးမြို့တွင် ၅ ဒီဂရီ စင်တီဂရိတ်တို့ ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်သည်။

E-03