News

POST TYPE

ENVIRONMENT

မြန်မာနိုင်ငံ အောက်ပိုင်းဒေသ အရှေ့လေပွေလှိုင်းကြောင့် အချိန်အခါမဟုတ် မိုးရွာမည်
14-Dec-2016 tagged as

ရန်ကုန်၊ ဒီဇင်ဘာ ၁၄

 

အရှေ့လေပွေလှိုင်း အရှိန်ကြောင့် လာမည့် သီတင်းပတ်အတွင်း မြန်မာနိုင်ငံ အောက်ပိုင်း ဒေသများတွင် အချိန်အခါ မဟုတ် မိုးရွာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်လွင်ဦးက ပြောကြားသည်။

 

ထို့ပြင် မွန်-တနင်္သာရီ ကမ်းရိုးတန်း ဒေသများတွင် အရှေ့လေပြင်း တိုက်ခတ်နိုင်ပြီး ပင်လယ်ပြင်၌ လှိုင်းကြီးနိုင်သည့်အတွက် ငါးဖမ်းရေယာဉ်နှင့် သင်္ဘောများသည် သတိပြု ထွက်ခွာရန် လိုအပ်ကြောင်း ၎င်းက ပြောဆိုသည်။

 

“အရှေ့လေပွေလှိုင်းတစ်ခု မြန်မာနိုင်ငံ တောင်ပိုင်း၊ တနင်္သာရီ တိုင်းဒေသကြီးကို ဖြတ်ကျော်လာနိုင်လို့ အရှေ့လေပြင်း တိုက်ခတ်တာတွေ၊ မိုးထစ်ချုန်း ရွာတာတွေ ဖြစ်နိုင်တယ်”ဟု ဦးကျော်လွင်ဦးက ဆိုသည်။

 

ရန်ကုန် တိုင်းဒေသကြီး၊ တနင်္သာရီ တိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးအနည်းငယ် ရွာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက ခန့်မှန်းချက် ထုတ်ပြန်သည်။

 

မြန်မာနိုင်ငံ အောက်ပိုင်းဒေသများတွင် မိုးထစ်ချုန်း ရွာနိုင်သော်လည်း စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် ညအပူချိန်များ အနည်းငယ် လျော့နည်းပြီး အအေး ပိုနိုင်ကြောင်း အဆိုပါဌာနထံမှ သိရသည်။

 

E-03


  • TAGS