News

POST TYPE

ENVIRONMENT

ကမ်းရိုးတန်း ဒေသများ အရှေ့လေပြင်း တိုက်ခတ်နိုင်
10-Dec-2016 tagged as


ရန်ကုန်၊ ဒီဇင်ဘာ ၁၀

ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်နေသည့် အားကောင်းသည့် ဆိုင်ကလုန်း မုန်တိုင်း အရှိန်ကြောင့် ကမ်းရိုးတန်း ဒေသများတွင် အရှေ့လေပြင်း တိုက်ခတ်ပြီး လှိုင်းကြီးနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက သတင်း ထုတ်ပြန်သည်။

အဆိုပါ ဆိုင်ကလုန်း မုန်တိုင်းသည် အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားမည်ဖြစ်ပြီး ဒီဇင်ဘာလ ၁၂ ရက်နေ့ ညတွင် အိန္ဒိယနိုင်ငံ အရှေ့တောင်ပိုင်း ကမ်းခြေသို့ ဖြတ်ကျော် ဝင်ရောက်မည်ဖြစ်ကြောင်း ယင်းဌာနက ခန့်မှန်းထားသည်။

ယင်းမုန်တိုင်း အရှိန်နှင့် လေဖိအားများ ရပ်ဝန်း တိုးဝင်လာသည်တို့ကြောင့် လေထု ပြောင်းလဲမှု ဖြစ်ကာ ကမ်းရိုးတန်း ဒေသများ၊ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီ ကမ်းရိုးတန်း ဒေသများနှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် အရှေ့ဘက်မှ လေပြင်းများ တိုက်ခတ်နိုင်သည့်အတွက် ငါးဖမ်းရေယာဉ်၊ သင်္ဘောများနှင့် ရေလုပ်သားများသည် လေပြင်းအန္တရာယ်ကို သတိပြုရန် လိုအပ်ကြောင်း အဆိုပါ ဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ကျော်မိုးဦးက သတိပေး ပြောကြားသည်။

ပြီးခဲ့သည့် ၂၀၁၁ ခုနှစ် မိုးနှောင်းကာလက ယင်းကဲ့သို့ လေပြင်း တိုက်ခတ်မှုကြောင့် ကျားပိုက်ဖောင်များနှင့် ရေလုပ်သား အများအပြား ပင်လယ်ထဲသို့ မျောပါခဲ့ရာ သေဆုံးသူအချို့ ရှိခဲ့သည့်အပြင် ၂၀၁၃ ခုနှစ် အောက်တိုဘာလအတွင်းကလည်း ကျားပိုက်ဖောင် ၂၄ စီး ကြိုးပြတ်ပြီး ယင်းဖောင်ပေါ် လိုက်ပါလာသူ ရေလုပ်သား ၅၀ ဦးကျော် ပင်လယ်ထဲ မျောပါခဲ့သည်။

E-03

  • TAGS