POST TYPE

ENVIRONMENT

မုန်တိုင်းကြောင့်ရန်ကုန်အပါအ၀င်ဒေသအချို့မိုးရွာမည်
09-Dec-2016 tagged as မုန်တိုင်း

ရန်ကုန်၊ဒီဇင်ဘာ၉

ဆိုင်ကလုန်းမုန်တိုင်း ဗာဒတ်ရှ် (VARDAH) ၏ အရှိန်ကြောင့် လာမည့်သီတင်းပတ်အတွင်း ရန်ကုန်မြို့အပါအ၀င် ဒေသအချို့တွင် မိုးရွာပြီး ကမ်းရိုးတန်း ဒေသများတွင် လှိုင်းကြီးမည်ဖြစ်ကြောင်း မိုးလေ၀သနှင့် ဇလဗဒေညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးက ပြောကြားသည်။အဆိုပါ ဆိုင်ကလုန်းမုန်တိုင်းသည် ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်နေခြင်းဖြစ်သည်။

မုန်တိုင်းအရှိန်ကြောင့် ရန်ကုန်၊ပဲခူး၊ဧရာဝတီနှင့် တနင်္သာရီတိုင်းဒေသကြီး၊ ကရင်နှင်၊့မွန်ပြည်နယ်တို့တွင် မိုးသည်းထန်စွာ ရွာသွန်းမည်ဖြစ်ပြီး ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် မိုးအုံ့မည်ဟု ဒေါက်တာကျော်မိုးဦးက ဆိုသည်။“အဲဒီဘက်မုန်တိုင်းအရှိန်က မြန်မာ့ပင်လယ်ပြင်မှာ လှိုင်းကြီးနိုင်တယ်။ ရေပြင်နဲ့မြေပြင်လေက တစ်နာရီ၃၅မိုင်လောက် တိုက်နိုင်တယ်”ဟု ၎င်းက ဆိုသည်။

ယင်းမုန်တိုင်းအရှိန်ကြောင့် မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊မွန်ပြည်နယ် - တနင်္သာရီ ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် အရှေ့ဘက်မှ လေပြင်းများ တစ်ခါတစ်ရံ တိုက်ခတ်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်မည်ဖြစ်ကြောင်း မိုးလေ၀သနှင့် ဇလဗဒေညွှန်ကြားမှု ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။