News

POST TYPE

ENVIRONMENT

ဆိုင်ကလုန်း မုန်တိုင်းကြောင့် ကမ်းရိုးတန်းဒေသများ မိုးသက်လေပြင်း ကျနိုင်
08-Dec-2016 tagged as


ရန်ကုန်၊ ဒီဇင်ဘာ ၈

 

ဘင်္ဂလား ပင်လယ်အော် အရှေ့ တောင်ပိုင်းတွင် ဖြစ်ပေါ်နေသည့် ဆိုင်ကလုန်းမုန်တိုင်း (VARDAH) ၏ အရှိန်ကြောင့် ကမ်းရိုးတန်း ဒေသများတွင် မိုးသက်လေပြင်း ကျရောက်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက သတင်းထုတ်ပြန်သည်။

 

အဆိုပါ ဆိုင်ကလုန်း မုန်တိုင်း၏ အရှိန်ကြောင့် မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊  မွန်-တနင်္သာရီ ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ကြောင်း ယင်းဌာနက သတိပေးထားသည်။

 

မုန်တိုင်းအရှိန်ကြောင့် ရန်ကုန် တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီ တိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်း ရွာနိုင်ကြောင်း အဆိုပါဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ကျော်မိုးဦးက  ပြောကြားသည်။

 

ဆိုင်ကလုန်းမုန်တိုင်း (VARDAH) သည် အိန္ဒိယနိုင်ငံ၊ ဗီဇာကာ ပတ္တနမ်မြို့၏ အရှေ့တောင်ဘက် မိုင် ၅၆ဝ ခန့်၊ မာချီလီ ပတ္တနမ်မြို့၏ အရှေ့- အရှေ့တောင်ဘက် မိုင် ၆၁ဝ ခန့်၊ ပို့ဘလဲယားမြို့၏ အနောက်ဘက် ၁၃၅ မိုင်ခန့်နှင့် မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့၏ အနောက်တောင်ဘက် မိုင် ၂၃ဝ ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြု နေပြီး ယင်းဆိုင်ကလုန်း မုန်တိုင်းသည် အနောက်မြောက်ဘက်သို့ ရွေ့လျားမည် ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက ခန့်မှန်းထားသည်။

 

E-03


  • TAGS