News

POST TYPE

ENVIRONMENT

မုန်တိုင်းကြောင့် အချိန်အခါ မဟုတ် မိုးရွာမည်
05-Dec-2016 tagged as မုန်တိုင်း

ရန်ကုန်၊ ဒီဇင်ဘာ ၅

ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသည့် မုန်တိုင်း အရှိန်ကြောင့် ဒေသအချို့တွင် ယခု သီတင်းပတ်အတွင်း အချိန်အခါမဟုတ် မိုးရွာမည်ဖြစ်ကြောင်း မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က ပြောကြားသည်။

မုန်တိုင်း အရှိန်ကြောင့် လာမည့် ဒီဇင်ဘာလ ၈ ရက်နေ့အတွင်း ပဲခူးတိုင်းဒေသကြီး မြောက်ပိုင်း၊ မကွေးတိုင်းဒေသကြီး အနောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး အရှေ့တောင်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ် တောင်ပိုင်းနှင့် ကယားပြည်နယ်တို့တွင် နေရာကွက်ကျားမှ နေရာကျဲကျဲ မိုးရွာနိုင်ကြောင်း ၎င်းက ခန့်မှန်းထားသည်။

ထို့ပြင် ဒီဇင်ဘာလ ၉ ရက်နေ့မှ ၁၆ ရက်နေ့အတွင်း မွန်ပြည်နယ်မှအပ ကျန်ဒေသများတွင် နေရာကွက်ကျားမှ နေရာ ကျဲကျဲ မိုးရွာနိုင်ကြောင်း ဒေါက်တာ ထွန်းလွင်က ပြောဆိုသည်။

အဆိုပါ မုန်တိုင်းငယ်သည် ဆိုင်ကလုန်း မုန်တိုင်းအဖြစ် အားကောင်းလာနိုင်ပြီး အိန္ဒိယနိုင်ငံ အရှေ့ဘက်ကမ်းခြေကို ဦးတည်နိုင်ကြောင်း၊ ယင်းအရှိန်ကြောင့် မြန်မာနိုင်ငံ မြောက်ပိုင်းဒေသများမှအပ ကျန်ဒေသများတွင် အချိန်အခါ မဟုတ် မိုးရွာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်လွင်ဦးက ပြောကြားသည်။

ယင်းမုန်တိုင်း စက်ကွင်းအရှိန်ကြောင့် မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်- တနင်္သာရီ ကမ်းရိုးတန်း ဒေသများတွင် မိုးသက်လေပြင်း တိုက်ခတ်နိုင်ပြီး လှိုင်းကြီးနိုင်ကြောင်း အဆိုပါ ဌာနက ခန့်မှန်းချက် ထုတ်ပြန်သည်။

ယခုဖြစ်လာသည့် မုန်တိုင်းသည် မိုးလွန်ကာလ (အောက်တိုဘာလမှ ဒီဇင်ဘာလ) အတွင်း ဘင်္ဂလား ပင်လယ်အော်၌ ဖြစ်သည့် စတုတ္ထမြောက် မုန်တိုင်းဖြစ်ပြီး ယင်းမုန်တိုင်းကြောင့် အချိန်အခါမဟုတ် မိုးရွာခြင်းကို စိုက်ပျိုးရေး တောင်သူများနှင့် ဆားလုပ်ငန်းရှင်များသည် ကြိုတင် သတိပြု ကာကွယ်ရန် လိုအပ်ကြောင်း ဒေါက်တာထွန်းလွင်က အကြံပြုထားသည်။