News

POST TYPE

ENVIRONMENT

တရားမဝင် သစ်ဟု စွပ်စွဲခံရမှုအပေါ် မြန်မာ့သစ်လုပ်ငန်း တုံ့ပြန်သွားမည် မဟုတ်
25-Nov-2016 tagged as သစ်တော

ရန်ကုန်၊ နိုဝင်ဘာ၂၅

မြန်မာနိုင်ငံမှ ထွက်ရှိသည့် သစ်ထွက် ကုန်ပစ္စည်းများကို ပြည်ပ သစ်ကုမ္ပဏီ တစ်ခုက ဆွီဒင်နိုင်ငံသို့ တင်ပို့ရာတွင် တရားမဝင် သစ်များဟု စွပ်စွဲခံရမှုအပေါ်  မြန်မာ့သစ် လုပ်ငန်းက တစ်စုံတစ်ရာ ပြန်လည် တုံ့ပြန်သွားမည် မဟုတ်ကြောင်း သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်ရေး ဝန်ကြီးဌာန ညွန်ကြားရေးမှူး ဦးမျိုးမင်းက ပြောကြားသည်။

မြန်မာနိုင်ငံ သစ်တောထွက် ပစ္စည်း လုပ်ငန်းရှင်များ အသင်းချုပ်တွင် နိုဝင်ဘာလ ၂၅ ရက်က ကျင်းပသော မြန်မာနိုင်ငံနှင့် ဥရောပ သမဂ္ဂတို့ သစ်တော ဥပဒေ စိုးမိုးမှု အုပ်ချုပ်မှုနင့် ကုန်သွယ်မှုဆိုင်ရာ မိတ်ဖက်အဖြစ် ပူးပေါင်း ဆောင်ရွက်မည့်  အစီအစဉ် ဖြစ်သည့် FLEGT VPA လုပ်ငန်းစဉ် သတင်းစာ ရှင်းလင်းပွဲတွင် ၎င်းက အထက်ပါအတိုင်း ပြောကြားခြင်း ဖြစ်သည်။

တရားစွဲခံရသည့် ပြည်ပကုမ္ပဏီ အနေဖြင့် လိုအပ်ပါက မြန်မာနိုင်ငံဘက်မှ  သစ်ထုတ်သည့် လုပ်ငန်း အဆင့်ဆင့်ကို တောင်းယူနိုင်သော်လည်း လက်ရှိအချိန် အထိ စာရွက် မှတ်တမ်းကို တောင်းဆိုထားမှု မရှိခြင်းကြောင့် သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနက တုံ့ပြန် သွားမည် မဟုတ်ကြောင်း ၎င်းကဆိုသည်။

မြန်မာနိုင်ငံက သစ်များကို စင်ကာပူ၊ အိန္ဒိယနှင့် အခြားသော နိုင်ငံများမှတဆင့်  ဥရောပ နိုင်ငံများကို တင်သွင်းနေကြောင်း မြန်မာနိုင်ငံ သစ်တောထွက် ပစ္စည်း လုပ်ငန်းရှင်များ အသင်းထံမှ သိရသည်။

မြန်မာ့သစ်လုပ်ငန်းမှ ထွက်သည့် သစ်များကို ခုတ်ယူသော နေရာမှ စကာ  သစ်ခွဲသား ထုတ်သည်အထိ ရောက်ရှိသည့် နေရာ အဆင့်ဆင့်ကို မှတ်တမ်း တင်ထားသည့် စာရွက်စာတမ်း တစ်ရာကျော်ရှိကြောင်း အဆိုပါအသင်းထံမှ သိရသည်။