News

POST TYPE

ENVIRONMENT

တရားဝင်သစ်ဟု အာမခံသည့် MTLAS စနစ် ကျင့်သုံးမည်
17-Nov-2016


ရန်ကုန်၊ နိုဝင်ဘာ ၁၇

နိုင်ငံခြားသို့ မြန်မာ့သစ်လုပ်ငန်းက ရောင်းချ တင်ပို့ခဲ့သည့် သစ်များနှင့်ပတ်သက်၍ တရားဝင်သစ်ဟု အာမခံနိုင်သည့် (MTLAS- Myanmar Timber Legality Assurance System) ကို ကျင့်သုံးမည်ဖြစ်ကြောင်း သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန သစ်တောဦးစီးဌာနက သတင်း ထုတ်ပြန်သည်။

လက်ရှိတွင် မြန်မာနိုင်ငံမှ တရားမဝင် သစ်များကို ဥရောပ ဈေးကွက်သို့ တင်သွင်း ရောင်းချနေသည့် ပြည်ပသစ် ကုမ္ပဏီများကို ဆွီဒင်နိုင်ငံက တရားစွဲဆိုခြင်းနှင့် ပတ်သက်၍ ယခုကဲ့သို့ သစ်တောဦးစီးဌာနက သတင်း ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် လက်ရှိ ကျင့်သုံးနေသည့် စနစ်အရ နိုင်ငံပိုင်စီးပွားရေး အဖွဲ့အစည်းဖြစ်သည့် မြန်မာ့သစ် လုပ်ငန်းက ရောင်းချခဲ့သည့် သစ်များနှင့် ပတ်သက်၍ မည်သည့် သစ်တောဧရိယာမှ ထုတ်လုပ်ထားသည်ကို နောက်ကြောင်း ပြန်လိုက်၍ တရားဝင်သစ် ဟုတ် မဟုတ်ကို စစ်ဆေးနိုင်ကြောင်း၊ သို့သော် နေရာစုံမှ သစ်များကို သစ်ဆိပ်နှင့် သိုလှောင်သည့် နေရာများတွင် ရောထွေးစုပုံထားခြင်းနှင့် စက်ရုံများတွင် မည်သည့်နေရာမှ ရောက် လာသည့်သစ်ဖြစ်သည်ကို သီးခြား ခွဲခြားထားသည့် စနစ် မရှိသောကြောင့် သစ်လွှဲ ပြောင်းကွင်းဆက်ကို စာရွက်စာတမ်း မှတ်တမ်းကို အခြေခံ၍ စိစစ် ကန့်သတ်ရန် အခက်အခဲနှင့် အကန့်အသတ် ရှိနေကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းကြောင့် တရားဝင်သစ်ဟု အာမခံသည့်စနစ် (MTLAS) ကို ကျင့်သုံးရန် ကမ္ဘာ့ စားနပ်ရိက္ခာ အဖွဲ့ (FAO) နှင့် ဥရောပသမဂ္ဂ (EU) တို့၏ အထောက်အပံ့ဖြင့် နိုင်ငံတကာ လိုအပ်ချက်များနှင့် ကွာဟနေမှု၊ လိုအပ်နေမှုများကို ဆောင်ရွက်လျက်ရှိကြောင်း သစ်တောဦးစီးဌာန အကြီးတန်း အရာရှိ တစ်ဦးက ပြောကြားသည်။

အဆိုပါစနစ် ကျင့်သုံးခြင်းကြောင့် တရားဝင်သစ်ဟု သတ်မှတ်ခြင်း မပြုနိုင်သည့် ဖမ်းဆီးရမိသည့် သစ်များကို ပြည်ပသို့ တင်ပို့ခွင့် မပြုဘဲ ပြည်တွင်း၌သာ အသုံးပြုစေမည်ဖြစ်ပြီး နိုင်ငံခြား တင်ပို့သူများသည် တင်ပို့သည့် သစ်များနှင့် ပတ်သက်၍ ဥပဒေနှင့်အညီ လိုက်နာကျင့်သုံး တင်ပို့နေခြင်းသာ ဖြစ်ကြောင်း အဆိုပါ ဌာနထံမှ သိရသည်။

မြန်မာနိုင်ငံမှ ထွက်ရှိသည့် ကျွန်းသစ်များကို ဥရောပ နိုင်ငံများသို့ ရောင်းချမှုတွင် သစ်တင်သွင်းမှုဆိုင်ရာ စည်းမျဉ်းများ (European Timber Regulation-EUTR) ကို ကုမ္ပဏီများက ချိုးဖောက်နေကြောင်း သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ စုံစမ်း စစ်ဆေးရေးအဖွဲ့ (EIA) က ပြီးခဲ့သည့် အောက်တိုဘာလ အတွင်းက သတင်း ထုတ်ပြန်ထားသည်။

ကုမ္ပဏီများက ရောင်းချသည့် သစ်အဝင် စာရင်းတွင် တရားမဝင် နည်းလမ်းဖြင့် ခိုးထုတ်ထားသည့် ကျွန်းသစ်များ ပါဝင်နေခြင်းကို တားဆီးရန် ပျက်ကွက်သည့်အတွက် ၎င်းတို့ထံမှတစ်ဆင့် ဝယ်ယူသူများက တရားမဝင် ကျွန်းသစ်ကို သိရှိခြင်း မရှိဘဲ ဝယ်ယူသည့် အခြေအနေ ရောက်စေခဲ့ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

  • VIA