News

POST TYPE

ENVIRONMENT

၂ဝ၁၆ ခုနှစ်သည် ကမ္ဘာ့သမိုင်းတစ်လျှောက် အပူဆုံးနှစ် ဖြစ်မည်ဟု ပညာရှင်များ ပြောကြား
16-Nov-2016

ရန်ကုန်၊ နိုဝင်ဘာ ၁၅

 

ရာသီဥတု ပြောင်းလဲ ဖောက်ပြန်မှုတို့ကြောင့် ကမ္ဘာကြီး ပူနွေးလာရာတွင် ၂ဝ၁၅ ခုနှစ်က စံချိန်တင်ထားသည့် ကမ္ဘာ့ သမိုင်း တစ်လျှောက် အပူဆုံး စံချိန်သစ်ကို ယခုနှစ် ၂ဝ၁၆ ခုနှစ်၌ ထပ်မံ ချိုးဖျက်ကာ အပူဆုံးနှစ် တစ်နှစ် ဖြစ်လာနိုင်ကြောင်း မိုးလေဝသ ပညာရှင်များက သတိပေး ပြောကြားလိုက်သည်။

 

ကမ္ဘာ့မိုးလေဝသနှင့် ဇလဗေဒ အဖွဲ့အစည်းကြီး တစ်ခုဖြစ်သည့် (WMO) ကလည်း ၂ဝ၁၆ ခုနှစ်သည် ယခင်နှစ် အပူဆုံး စံချိန်ကို ကျိုးသွားနိုင်သည့်အတွက် အပူနွေးဆုံးနှစ် ဖြစ်လာနိုင်ကြောင်း၊ ယခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလ ကိုးလတာ ကာလအတွင်း ကမ္ဘာ့ အပူချိန်သည် ဝ ဒသမ ၈၈ ဒီဂရီ စင်တီဂရိတ် ရှိနေပြီး ၁၉၆၁ ခုနှစ်မှ ၁၉၉ဝ ပြည့်နှစ်အတွင်း အပူချိန်စံချိန်များထက် များစွာ ကျော်လွန်နေကြောင်း ကြေညာချက် ထုတ်ပြန်ထားသည်။

 

ယင်းသို့ ၂ဝ၁၅ ခုနှစ် တစ်နှစ်ပတ်လုံး၏ လအလိုက် အပူချိန်များသည် သမိုင်း တစ်လျှောက်တွင် အပူဆုံးနှစ်အဖြစ် စံချိန် ကျိုးခဲ့သည့် ၂ဝ၁၅ ခုနှစ်ထက် ယခု ၂ဝ၁၆ ခုနှစ်သည် အပူချိန် စံချိန်သစ် တင်နိုင်ပြီး အပူဆုံးနှစ် တစ်နှစ် ဖြစ်လာနိုင်ရာ မြန်မာနိုင်ငံ တစ်ဝန်း အပူချိန်များ မြင့်တက်လာနိုင်ကြောင်း မိုးလေဝသ ပညာရှင် ဒေါက်တာ ထွန်းလွင်က ပြောကြားသည်။

 

ကမ္ဘာ့စံချိန်တင် အပူဆုံးနှစ် တစ်နှစ်ဖြစ်လာနိုင်သည့်အတွက် မြန်မာနိုင်ငံတွင်လည်း ရာသီဥတု ပူပြင်းမှုကို တွေ့ကြုံရမည်ဖြစ်ရာ အထူးသဖြင့် လာမည့် နွေရာသီ ကာလအတွင်း ပဲခူးတိုင်းဒေသကြီး၊  မြစ်ဝကျွန်းပေါ် ဒေသနှင့် မြန်မာနိုင်ငံ အလယ်ပိုင်း ဒေသများသည် အပူဒဏ် အန္တရာယ် ပိုရှိနိုင်ကြောင်း ၎င်းက သတိပေး ပြောဆိုသည်။

 

“လာမယ့် နွေရာသီကတော့ နည်းနည်းတော့ အပြောင်းအလဲ ရှိနိုင်ပေမယ့် လာနီညာ ရာသီဥတု ပြန်ဖြစ်နိုင်တဲ့အတွက် နည်းနည်းတော့ အပူလျော့နည်းမှာ။ အယ်နီညို နှစ်လောက်တော့ မပူနိုင်ဘူး။ ဒါပေမဲ့ အပူဒဏ်ကတော့ တစ်တိုင်း တစ်ပြည်လုံးပဲ သတိထားရမယ်”ဟု ၎င်းကဆိုသည်။

 

ယင်းသို့ စံချိန် ကျိုးရခြင်းမှာ ပူပြင်း ခြောက်သွေ့သည့် အယ်နီညို ရာသီဥတု ဖြစ်စဉ်ကြောင့် အပြင် သစ်တောများ ပြုန်းတီးပြီး လေထုအတွင်း ဖန်လုံအိမ် သဘာဝ ဓာတ်ငွေ့ ထုတ်လွှတ်မှု များလာသည့်အတွက် ရာသီဥတု ဖောက်ပြန်ကာ အပူချိန် မြင့်တက်ခြင်းနှင့် ရေခဲတောင်များ  အရည် ပျော်ကျကာ ပင်လယ် ရေမျက်နှာပြင် မြင့်တက်လာခြင်းကို ကမ္ဘာ့နိုင်ငံ အချို့တွင် ရင်ဆိုင် ကြုံတွေ့နေရကြောင်း မိုးလေဝသ ပညာရှင်များက သုံးသပ်ပြောဆိုသည်။

 

အဆိုပါ ဖြစ်စဉ်ကြောင့် ကြားနေနှစ်အဖြစ်မှ လာနီညာ ရာသီဥတုသို့ ရောက်ရှိနိုင်သော်လည်း ယခုနှစ် ဆောင်းရာသီ ကာလအတွင်း အအေး ပိုနိုင်ဖွယ် မရှိကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ကျော်မိုးဦးက ပြောကြားသည်။

 

“ပုံမှန်နှစ် တစ်နှစ်လိုပါပဲ။ အချို့နေရာတွေ ပုံမှန်ထက် အနည်းငယ် ပိုပူနိုင်တယ်။ အထူးသဖြင့် မြောက်ပိုင်းဒေသတွေ”ဟု ၎င်းကဆိုသည်။


  • VIA