News

POST TYPE

ENVIRONMENT

ဆိုင်ကလုန်းမုန်တိုင်း ရခိုင်ပြည်နယ်မြောက်ပိုင်းကို ဝင်ရောက်နိုင်ဖွယ်ရှိ
27-Apr-2019
ဓာတ်ပုံ - မိုးဇလ
ရန်ကုန်၊ ဧပြီ ၂၇

ဘင်္ဂလားပင်လယ်အော်အတွင်း ဖြစ်ပေါ်နေသည့် မုန်တိုင်းငယ်သည် အားကောင်းသည့် အပူပိုင်း ဆိုင်ကလုန်းမုန်တိုင်းအဆင့်သို့ ရောက်ရှိလာနိုင်ပြီးနောက် လမ်းကြောင်းပြောင်းလဲကာ မေလဆန်း၌ ရခိုင်ပြည်နယ်မြောက်ပိုင်းသို့ ဖြတ်ကျော်ဝင်ရောက်နိုင်သည့်အတွက် သတိထားစောင့်ကြည့်ရန်လိုအပ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးက ပြောကြားသည်။

“စောင့်ကြည့်ရဦးမယ်။ သင်္ချာပုံစံပြုမော်ဒယ်ခန့်မှန်းချက်အရတော့ ဦးတည်နေတယ်။ ရက်နည်းနည်းဝေးတော့ ပြောင်းလဲမှု ရှိချင်ရှိနိုင်တယ်”ဟု ၎င်းက ပြောဆိုသည်။

လာမည့်မေလ ၅ ရက်နေ့နှင့် ၆ ရက်နေ့ဝန်းကျင်တွင် ဘင်္ဂလားဒေ့ရှ်နှင့် ရခိုင်ပြည်နယ်မြောက်ပိုင်းတို့မှ ဖြတ်ကျော်ဝင်ရောက်နိုင်သည်ဟု ခန့်မှန်းထားပြီး အချိန်နှင့်အလိုက် မုန်တိုင်းလမ်းကြောင်း ပြောင်းလဲနိုင်သည့်အတွက် သတိပြုရန်လိုအပ်ကြောင်း ဒေါက်တာကျော်မိုးဦးက ပြောကြားသည်။

မုန်တိုင်းသည် အိန္ဒိယနိုင်ငံ အရှေ့ဘက်ကမ်းခြေမှ အရှေ့မြောက်ဘက်သို့ ဦးတည်ရွေ့လျားကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်းခြေကို မေလ ၃ ရက်နေ့မှ ၉ ရက်နေ့အတွင်း ဖြတ်ကျော်ဝင်ရောက်နိုင်ဖွယ်ရှိပြီး ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ မုန်တိုင်း၏စက်ကွင်းအတွင်းကျရောက်နိုင်ကာ မြန်မာတစ်နိုင်ငံလုံး၌ မိုးရရှိမည်ဖြစ်ကြောင်း မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်ကလည်း ခန့်မှန်းထားသည်။

ဧပြီလ ၂၇ ရက်နေ့ တိုင်းထွာချက်များအရ အီကွေတာအနီး၊ အိန္ဒိယသမုဒ္ဒရာနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော အားကောင်းသည့်မုန်တိုင်းငယ်သည် သီရိလင်္ကာနိုင်ငံ၊ ထရင်ကိုမာလီမြို့၏ အရှေ့-အရှေ့တောင်ဘက် ၄၇၅ မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ ချင်းနိုင်မြို့၏ အရှေ့တောင်ဘက် ၆၈၅ မိုင်ခန့် အကွာပင်လယ်ပြင်ကို ဗဟိုပြုနေပြီး အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားမည်ဟု ခန့်မှန်းရကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက သတင်းထုတ်ပြန်သည်။

ယင်းမုန်တိုင်းငယ်သည် နောက် ၁၂ နာရီအတွင်း ဆိုင်ကလုန်းမုန်တိုင်း (Cyclonic Storm) အဖြစ်သို့လည်းကောင်း၊ နောက် ၃၆ နာရီအတွင်း အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း (Severe Cyclonic Storm) အဖြစ်သို့လည်းကောင်း ရောက်ရှိနိုင်မည်ဟု အဆိုပါဌာနက ထုတ်ပြန်သည်။

လက်ရှိတွင် အဆိုပါမုန်တိုင်းငယ်၏အခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့်အခြေအနေမရှိသေးသဖြင့် အဝါရောင်အဆင့် မိုး/ဇလဌာနက သတ်မှတ်ထားသည်။

သို့သော်အဆိုပါမုန်တိုင်းသည် မေလဆန်းပိုင်း၌ မုန်တိုင်းလမ်းကြောင်း ပြန်ပြောင်းလဲလာနိုင်ပြီး မြန်မာ့ကမ်းရိုးတန်းဒေသသို့ ဦးတည်ရွေ့လျားနိုင်ရာ မုန်တိုင်းစက်ကွင်းအတွင်း ရခိုင်ပြည်နယ်မှာ ကျရောက်နေ၍ ဒေသအလိုက် မိုးကြီးမည်ဖြစ်ကြောင်း၊ မေလ ၃ ရက်နေ့ဝန်းကျင်မှစ၍ မြန်မာနိုင်ငံအနေဖြင့် မုန်တိုင်းအန္တရာယ်ကို သတိပြုကြိုတင်ပြင်ဆင်ရန်လိုအပ်ကြောင်း ရာသီဥတုအခြေအနေ စောင့်ကြည့်လေ့လာသူများက နိုင်ငံတကာ မိုးလေဝသဌာနများ၏ ခန့်မှန်းချက်များကို ကိုးကား၍ သုံးသပ်ပြောဆိုထားသည်။

ယင်းမုန်တိုင်းငယ် ဖြစ်ပေါ်နေသည့်အတွက် ပြည်တွင်းလေကြောင်း ပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်း ရေယာဉ်များ၊ သင်္ဘောများအနေဖြင့် ကြိုတင်သတိပြုရန် လိုအပ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက သတိပေးထားသည်။

လွန်ခဲ့သည့် ၂၀၀၈ ခုနှစ်၊ မေလ ၂ ရက်နေ့ကလည်း ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသကို နာဂစ်မုန်တိုင်း ဝင်ရောက်တိုက်ခတ်ခဲ့ခြင်းကြောင့် လူဦးရေ တစ်သိန်းခွဲခန့် သေဆုံးခဲ့ရသည်။

E-03