News

POST TYPE

ENVIRONMENT

ရာဇဝင်များ၏ သတို့သမီးကိစ္စမှ သင်ခန်းစာယူပါ (Daily, Vol-7/No-12)
25-Apr-2019
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဒုတိယအကြိမ်မြောက်ရပ်ဝန်းနှင့် ပိုးလမ်းမ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးဖိုရမ် တက်ရောက်ရန် တရုတ်ပြည်သူ့သမ္မတနိုင်ငံ မြို့တော်ဘေဂျင်းသို့ ယနေ့ရောက်ရှိသွားကြောင်း သိရပါသည်။

မြန်မာနိုင်ငံ၏ အရေးကြီးသော အိမ်နီးချင်းနိုင်ငံတစ်နိုင်ငံဖြစ်သည့် တရုတ်ပြည်သို့ ဒေါ်အောင်ဆန်းစုကြည် ယခုတစ်ကြိမ် သွားရောက်သည့်သတင်းကို မြန်မာပြည်သူများနှင့် မြန်မာ့အရေး လေ့လာစောင့်ကြည့်သူများက အထူးပင် စိတ်ဝင်တစားဖြစ်လျက် ရှိသည်ကိုလည်း သတိပြုမိပါသည်။ အထူးသဖြင့် မြန်မာ-တရုတ် နှစ်ပြည်ထောင်ကြားက ပြဿနာကြီးသဖွယ် ဖြစ်နေသည့် မြစ်ဆုံစီမံကိန်း အပြီးတိုင် ရပ်ဆိုင်းစေလိုကြသော မြန်မာပြည်သူအများစု စိတ်ဝင်တစား သိချင်နေကြသည့် သတင်းတစ်ပုဒ်လည်း ဖြစ်နေပေသည်။

ဒေါ်အောင်ဆန်းစုကြည်အနေနှင့် တရုတ်ပြည်ခရီးစဉ်အတွင်း တရုတ်ခေါင်းဆောင်များနှင့် တွေ့ဆုံကာ ဧရာဝတီကို ပြန်လည်ရွေးယူနိုင်မည့် အခြေအနေဖြစ်အောင် ဖန်တီးနိုင်မည်လော၊ သို့မဟုတ် ကုလသမဂ္ဂလုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင်တစ်ဦး၏ ဗီတိုအာဏာသုံးပိုင်ခွင့်နှင့် ဧရာဝတီကို အလဲအလှယ် လုပ်ရသည်အထိ ဖြစ်လာမည်လော စသည့်မေးခွန်းတို့ အပါအဝင် မေးခွန်းပေါင်းမြောက်မြားစွာကို မြန်မာပြည်သူများ သိလိုနေခြင်းလည်းဖြစ်ပေသည်။

ယခင်အစိုးရလက်ထက်က ပြည်ထောင်စုအဆင့် ဝန်ကြီးတစ်ဦးပြောခဲ့သည့် စကားတစ်ခွန်းကို ဤနေရာတွင် ပြန်လည်အမှတ်ရမိသည်။ “ကျွန်တော်တို့က တရုတ်ကို ကြောက်ရတယ်”၊ ထိုစကားမှာ လွတ်လပ်သော အချုပ်အခြာ အာဏာပိုင်နိုင်ငံ တစ်နိုင်ငံထဲတွင် နေထိုင်ကြသည့် မြန်မာတို့အတွက် လွန်စွာ နားခါးစရာကောင်းသည့် စကားတစ်ခွန်းဖြစ်ခဲ့သည်။ နားခါးမည်ဆိုလျှင်လည်း ခါးစရာပင်။

သို့သော် တရုတ်-မြန်မာ သံတမန် ဆက်ဆံရေးတစ်ခုတည်း သာမက နယ်စပ်ကုန်သွယ်ရေး အပါအဝင် အခြားအရေးကိစ္စများကို အတွင်းကျကျသိသူများအနေနှင့်မူ တရုတ်သည် မြန်မာနိုင်ငံ၏ အညှာအတော်များများကကို ကိုင်ထားသည့်အနေအထားသို့ ရောက်ရှိနေသည့်အချက်ကို ကောင်းစွာ သတိပြုမိမည်ဖြစ်သည်။ သို့အတွက် တရုတ်ကို မကြောက်လျှင်သော်လည်း သတိကြီးကြီး၊ အမြော်အမြင်ရှိရှိဖြင့် ဆက်ဆံရမည့်သူအဖြစ်တော့ သတ်မှတ်ရမည်သာပင်ဖြစ်သည်။

ယနေ့ ဧရာဝတီကို ပြန်လည်ရွေးယူကြမည် ဆိုသောကိစ္စနှင့်ပတ်သက်၍ ပြည်သူများအကြား သဘောထားကွဲလွဲမှု၊ အငြင်းပွားမှုများ ဆိုးဆိုးရွားရွား ဖြစ်ပေါ်ခဲ့သည်ကို တွေ့ရပါသည်။ ရုပ်ရှင်ဝါသနာအိုး အများစု စိတ်ဝင်စားနေသည့် Game of Throne စီးရီးထဲကလိုပင် မတူညီသည့် အင်အားစုများ အားပြိုင်နေသည့်ပုံစံမျိုးပင် ဖြစ်နေတော့သည်။ မည်သို့ပင် အငြင်းပွားကာ အုပ်စုကွဲများ ဖြစ်နေကြသည်ဖြစ်စေ ဧရာဝတီကို ကယ်တင်လို၊ မြစ်ဆုံစီမံကိန်း အဆုံးသတ်စေလိုသည့် စိတ်ဆန္ဒကတော့ တူညီနေမည်မှာ အသေအချာပင်ဖြစ်သည်။

အကြောင်းမှာ မိုးလေဝသ ပညာရှင်တစ်ဦး၏ စကားနှင့်ဆိုပါက မြန်မာပြည်ကြောင့် ဧရာဝတီဖြစ်လာခြင်း မဟုတ်ဘဲ၊ ဧရာဝတီကြောင့် မြန်မာပြည်ဖြစ်လာခြင်းကြောင့်သာပင်။ တရုတ်ပြည်ခရီးစဉ်တွင် ဒေါ်အောင်ဆန်းစုကြည်အနေနှင့် ဧရာဝတီ (မြစ်ဆုံ) ကိစ္စနှင့်ပတ်သက်၍ ဧရာဝတီရော၊ ဧရာဝတီကို ချစ်မြတ်နိုးသည့် မြန်မာပြည်သူများပါ ပန်းတိုင်ရောက်အောင် မည်သို့ ကြိုးပမ်းဆောင်ရွက်နိုင်မည်နည်းဟူသည်ကို မည်သူမျှ တပ်အပ်ပြောနိုင်မည် မဟုတ်ပေ။ သို့သော် လာမည့်အနာဂတ်ကာလများတွင် မြစ်ဆုံထက်မသေးသော ပြဿနာကြီး မြောက်မြားစွာ ရှိလာနိုင်သည် ဟူသောအချက်ကို မြန်မာပြည်မှ တိုင်းရင်းသား ညီအစ်ကို မောင်နှမများအနေနှင့် အထူးသတိထားပြီး မြစ်ဆုံကို သင်ခန်းစာယူကာ ပြင်ဆင်ထားကြရမည့်အကြောင်း ဖော်ပြလိုရင်းဖြစ်ပေသည်။

အယ်ဒီတာ(၂၄-၄-၂၀၁၉)