POST TYPE

ENVIRONMENT

မြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်း ဖျက်သိမ်းရန် ကန့်ကွက်သူ နှစ်သိန်းခန့်ရှိ
05-Nov-2016

ရန်ကုန်၊ နိုဝင်ဘာ ၎

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ် မေခ၊ မလိခ မြစ်ဝှမ်းတွင် တည်ဆောက်ရန် လျာထားသည့် မြစ်ဆုံရေအား လျှပ်စစ် စီမံကိန်း ဖျက်သိမ်းရန် စစ်တမ်း ကောက်ယူနေရာ နိုဝင်ဘာလ ၄ ရက်နေ့တွင် ကန့်ကွက်သူ လူဦးရေ နှစ်သိန်းခန့်ရှိပြီဖြစ်ကြောင်း မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က ပြောကြားသည်။ 

အဆိုပါ လူထုစစ်တမ်း ကောက်ယူမှုကို မိုးလေဝသပညာရှင်ဒေါက်တာ ထွန်းလွင်က ၎င်း၏ Facebook စာမျက်နှာတွင် အောက်တိုဘာလ ၃၁ ရက်နေ့မှ စတင် ကောက်ယူပြီး နိုဝင်ဘာလ ၇ ရက်နေ့ နံနက်ပိုင်းအထိ ကောက်ယူသွားမည် ဖြစ်ကြောင်း ဆက်လက် ပြောကြားသည်။ 

“မြစ်ဆုံ ရေကာတာ စီမံကိန်း ကန့်ကွက်တာကို ဆန္ဒပြုဖို့ တောင်းဆိုတာ၊ လူထုစစ်တမ်း ကောက်ယူတာ ထဲထဲဝင်ဝင် မတွေ့ရသေးလို့။ အရင်ကတစ်ခါမှ  တောင်းဆိုတာ မရှိဘူး။ အဲဒါကြောင့် အွန်လိုင်းကနေ စစ်တမ်း ကောက်လိုက်တာ”ဟု ၎င်းက ဆိုသည်။ 

လက်ရှိ ကောက်ယူထားသော စစ်တမ်းများကို မြန်မာ အစိမ်းရောင် ကွန်ရက်မှ အစီရင်ခံစာနှင့်အတူ  နိုဝင်ဘာလ ၇ ရက်နေ့တွင် နိုင်ငံတော် သမ္မတ၊ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့် ဧရာဝတီ-မြစ်ဆုံ၊ မြစ်ညာ၊ မြစ်ဝှမ်း ရေအား လျှပ်စစ်စီမံကိန်းများ လေ့လာစိစစ် သုံးသပ်ရေး ကော်မရှင်ထံ တင်ပြသွားမည် ဖြစ်ကြောင်း မိုးလေဝသ ပညာရှင် ဒေါက်တာထွန်းလွင်က ဆိုသည်။ 

ပြီးခဲ့သည့် ရက်ပိုင်းက မြစ်ကြီးနားတွင် ပြုလုပ်သည့် မြန်မာအစိမ်းရောင် ကွန်ရက် ငါးကြိမ်မြောက် တွေ့ဆုံပွဲမှ ရရှိလာသော ပြည်သူ့ဆန္ဒများနှင့် မြန်မာ တစ်ဝန်းတွင်ရှိသော လူမှုအဖွဲ့အစည်းများ၏ သဘောထားကိုလည်း ကောက်ယူနေကြောင်း မြန်မာအစိမ်းရောင်အဖွဲ့မှ ပြန်ကြားရေးတာဝန်ခံ ကိုစောထွန်းထွန်းက ပြောကြားသည်။ 

နိုင်ငံတော် သမ္မတရုံးက မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းနှင့် ပတ်သက်ပြီး ပတ်ဝန်းကျင် ထိခိုက်မှု၊ လူမှုရေး ထိခိုက်မှုများကို လေ့လာရန် ဧရာဝတီ-မြစ်ဆုံ မြစ်ညာ မြစ်ဝှမ်း ရေအားလျှပ်စစ် စီမံကိန်းများ လေ့လာစိစစ် သုံးသပ်ရေး ကော်မရှင်ကို ယခုလ သြဂုတ်လ ၁၂ ရက်နေ့တွင် ဖွဲ့စည်းလိုက်ပြီး ပထမဆုံး အစီရင်ခံစာကို နိုင်ငံတော် သမ္မတထံသို့ နိုဝင်ဘာလ ၁၁  ရက်နေ့တွင် တင်ပြရမည် ဖြစ်ကြောင်း အဆိုပါ ဌာနထံမှ သိရသည်။

  • VIA