News

POST TYPE

ENVIRONMENT

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးနှင့် တွေ့ ဆုံခြင်း
18-Feb-2019
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးနှင့် တွေ့ ဆုံခြင်း

အယ်နီညိုရာသီဥတုကြောင့် ယခုနှစ်တွင် မြန်မာနိုင်ငံတစ်ဝန်း၌ နေ့အပူချိန်များ မြင့်တက်လာနိုင်ပြီး အပူဒဏ် အန္တရာယ်ကြုံတွေ့ရနိုင်ခြင်းတို့အပြင် အယ်နီညို ရာသီဥတုကြောင့်ဖြစ်ပေါ်လာနိုင်သည့် ရာသီဥတု အခြေအနေများကို မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးနှင့် ဆက်သွယ်မေးမြန်းထားသည်များကို ကောက်နုတ်ဖော်ပြအပ်ပါသည်။

Voice : လက်ရှိ အယ်နီညို ရာသီဥတုဖြစ်စဉ် အခြေအနေကို သိပါရစေ။
Dr KMO : လက်ရှိ ပစိဖိတ်သမုဒ္ဒရာ အရှေ့အလယ်ပိုင်းမှာရှိနေတဲ့ ပင်လယ်ပြင်မျက်နှာပြင်ရဲ့အပူချိန်က ပုံမှန်ထက်ပိုပူနေတယ်။ လက်ရှိမှာ ဝ ဒသမ ၈ လောက်ရှိနေတယ်။ အားအနည်းငယ်ရှိနေတဲ့အဆင့်မှာ ရှိနေတယ်ဆိုတော့ လာမယ့်နွေရာသီအထိ ဆက်သွားနိုင်တဲ့ အနေအထားရှိတယ်။ လာမယ့်နွေရာသီမှာလည်း ပင်လယ် ရေမျက်နှာပြင်အပူချိန်က ပုံမှန်ထက်ကို ဆက်ပြီးပူနေနိုင်ဦးမယ်။ အယ်နီညိုတို့ လာနီညာတို့ဆိုတာက အမြင့်ဆုံးဖြစ်တာက နိုဝင်ဘာတို့၊ ဒီဇင်ဘာတို့မှာ အများဆုံး ဖြစ်တယ်။ လက်ရှိ ဖေဖော်ဝါရီ လဆန်းပိုင်းလောက်အထိကို သူ့ရဲ့ပင်လယ်ရေမျက်နှာပြင်အပူချိန်ဟာ ပုံမှန်ထက်ကိုမြင့်နေလို့ နွေရာသီကာလတွေမှာ အယ်နီညိုရဲ့ အကျိုးသက်ရောက်မှုရှိနိုင်တယ်။

Voice : အယ်နီညိုရာသီဥတုဖြစ်စဉ်က ဒီနှစ်မှာရော မြန်မာနိုင်ငံအပေါ် ဘယ်လိုသက်ရောက်မှု ရှိနေမလဲ။
Dr KMO : ြမန်မာနိုင်ငံအနေနဲ့ကတော့ အယ်နီညိုဖြစ်ပြီဆိုရင် သူရဲ့သက်ရောက်မှုဟာ များသောအားဖြင့် အားအသင့်အတင့်ရှိတဲ့ အယ်နီညိုတွေ၊ အားကောင်းတဲ့ အယ်နီညိုတွေ ဒီလိုဟာမျိုးတွေဖြစ်ပြီဆိုရင် မြန်မာနိုင်ငံကို သက်ရောက်မှုက ပိုပြီးများတယ်။ ဒါပေမဲ့ အခုနောက်ပိုင်းနှစ်တွေကိုပြန်ကြည့်ရင် အယ်နီညိုတင် မဟုတ်တော့ဘူး။ လာနီညာဖြစ်တဲ့နှစ်တွေမှာလည်း တစ်ကမ္ဘာလုံးမှာ အပူချိန်တွေဟာ တစ်နှစ်ထက်တစ်နှစ် ပိုပြီးပူလာတယ်။ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်ဆိုရင် လာနီညာဖြစ်တဲ့နှစ် ပုံမှန်အပူချိန်အောက်ကိုလျော့ရမှာကို ကမ္ဘာပေါ်မှာဆိုရင်လည်း စတုတ္ထအပူဆုံးနှစ်ဖြစ်ခဲ့တယ်။ ၂၀၀၄ နောက်ပိုင်းကစပြီးတော့ အယ်နီညိုဖြစ်တဲ့နှစ်တွေဆိုရင် သိသိသာသာပူတယ်။ လာနီညာနှစ်ဆိုရင်လည်း အပူချိန်ဟာ ပုံမှန်အောက်မလျော့ဘဲ ပူနေတာတွေ့ရတယ်။ ဒါက ဘာကိုဖော်ပြနေလဲဆိုတော့ ကမ္ဘာကြီးပူနွေးလာတာပေါ့။ ရိုးရိုးအယ်နီညာ၊ လာနီညာဖြစ်တဲ့နှစ်တွေဆိုရင် သူ့ရဲ့သက်ရောက်မှုကြောင့် မြန်မာနိုင်ငံမှာ ပုံမှန်မဟုတ်တဲ့ မိုးလေဝသဖြစ်စဉ်မျိုးတွေ ဖြစ်တယ်။ ပုံမှန်ထက်အပူချိန်ပိုတယ်။ အစွန်းရောက်တဲ့ မိုးလေဝသဖြစ်စဉ်တွေ နွေရာသီရော မိုးရာသီကာလတွေမှာရော ကြုံတွေ့လာရနိုင်တယ်။ နွေရာသီမှာ ပုံမှန်ထက်ကို ပိုပူမယ့်အနေအထားရှိတယ်။ ကြိုတင်ပြင်ဆင်ထားရမှာတော့ ရေရှားပါးမှုပြဿနာပဲ။ ဒါမျိုးတွေကို အဓိကအနေနဲ့ ကြိုတင်ပြင်ဆင်ထားဖို့လိုမယ်။ ကျန်းမာရေးဆိုင်ရာ ပြဿနာတွေကိုလည်း ကြိုတင်ပြင်ဆင်ထားဖို့ လိုပါမယ်။

Voice : မြန်မာနိုင်ငံတစ်ဝန်းလုံးမှာ အပူချိန်တွေက ပုံမှန်ထက်ပူနိုင်တယ်ဆိုတော့ ဘယ်လောက်အထိ မြင့်တက်နိုင်လဲဆရာ။ 
Dr KMO : European Centre for Medium-Range Weather Forecasts (ECMWF) က တွက်ထုတ်ချက်အရတော့ မြန်မာနိုင်ငံတောင်ပိုင်းဒေသတွေက ပုံမှန်ထက်ကို သုည ဒသမ ၆ လောက်ကနေ ၁ ဒီဂရီ စင်တီဂရိတ်လောက် ပိုပူနိုင်တယ်။ ကျန်တိုင်းဒေသကြီးနဲ့ပြည်နယ်တွေမှာတော့ ဝ ဒသမ ၆ စင်တီဂရိတ်လောက် ပိုပူနိုင်တယ်လို့ ခန့်မှန်းထားတယ်။ ဒီဟာကတော့ လအလိုက် မတ်၊ ဧပြီ၊ မေ သုံးလကို ပျမ်းမျှယူထားတာပေါ့။ နေ့အလိုက် အပူချိန်တွေကတော့ ရာသီဥတုပေါ် မူတည်ပြီးတော့ အပြောင်းအလဲ ရှိနေမှာပါ။ ဒီသုံးလအပူချိန်မှာတော့ ပိုပြီးပူနိုင်တယ်ဆိုတဲ့အနေအထားပေါ့။

Voice : အယ်နီညိုဖြစ်စဉ်က ဘယ်ကာလလောက်အထိ ဖြစ်နိုင်မလဲ။ သူ့ကြောင့်ဖြစ်လာနိုင်မယ့်ရာသီ ဥတုအခြေအနေတွေကို ပြောပြပေးပါဦး။
Dr KMO : အယ်နီညိုကတော့ တဖြည်းဖြည်း အားလျော့သွားမယ့်အနေအထားမျိုး ရှိပါတယ်။ ဒီတွက် ထုတ်ချက်အရ ဧပြီ၊ မေ၊ ဇွန်လောက်ဆို အားလျော့သွားနိုင်ပါတယ်။ သူ့ဖြစ်စဉ်ကြောင့် သတိပြုရမှာကတော့ အပူချိန်တွေ မြင့်တက်လာတဲ့အတွက် မွန်းလွဲ၊ ညနေပိုင်းတွေမှာ မိုးတိမ်တောင်တွေဖြစ်ပေါ်တတ်လို့ နွေကာလရောက်ပြီဆိုရင် ပိုပြီးသတိပြုရတော့မှာပါ။ မတ်လလောက်ကနေစပြီး သတိပြုရမယ်ဆိုပေမယ့် အများဆုံးဖြစ်တာက ဧပြီလနဲ့မေလမှာ အများဆုံးဖြစ်တယ်။ မတ်လမှာဆိုရင်လည်း တချို့နေရာတွေမှာ မိုးတိမ်တောင်တွေကထစ်ချုန်းပြီး လေပြင်းတိုက်တာတို့ မိုးသီးကြွေတာတို့ မိုးကြိုးပစ်တာတို့ ဒီဟာမျိုးတွေ ကြုံတွေ့လာနိုင်တာကြောင့် နွေကာလမှာ သတိပြုဖို့လိုပါတယ်။ နောက်တစ်ခုကတော့ အားနည်းတဲ့ အယ်နီညိုနှစ်တွေကိုပြန်ပြီးတော့မှ လေ့လာဆန်းစစ်လိုက်တော့ အားနည်းတဲ့ အယ်နီညိုနှစ်ဆိုရင် မုတ်သုံကာလတွေမှာ လေဖိအားနည်းရပ်ဝန်းတွေ မုန်တိုင်းတွေ အဖြစ်များတာတွေ့ရတယ်။ ဒါကြောင့် သတိပြုဖို့လိုပါတယ်။ 

Voice : ဒါဆို အယ်နီညိုရာသီဥတုဖြစ်စဉ်နဲ့ ပတ်သက်ပြီး ပြည်သူလူထုကို ဘာများအကြံပေးချင်ပါလဲ။
Dr KMO : အဓိကတော့ ရာသီဥတုကတော့ ပြောင်းနေတယ်။ ပြောင်းနေတဲ့အချိန်ကျတော့ ပြည်သူလူထုအနေနဲ့ ပုံမှန်မဟုတ်တဲ့ မိုးလေဝသဖြစ်စဉ်တွေကို တစ်နှစ်တစ်နှစ် ပိုပြီးကြုံလာရတဲ့အနေအထားရှိတယ်။ ဒါကြောင့် ဒီဟာတွေနဲ့ လိုက်လျောညီထွေဖြစ်အောင် နေထိုင်ဖို့လိုတယ်။ အဓိကတော့ ရာသီဥတုနဲ့ လိုက်လျောညီထွေဖြစ်တဲ့ စိုက်ပျိုးသီးနှံ အမျိုးအစားတွေကို ရွေးချယ်ဖို့လိုလာပြီ။ နောက်တစ်ခုကတော့ နွေကာလမှာ ပုံမှန် ထက်ပူလာနိုင်တဲ့အတွက် အပြင်ဘက်သွားတဲ့အခါ ကျန်းမာရေးဆိုင်ရာ ပြဿနာတွေဖြစ်နိုင်တဲ့အတွက် ကျန်းမာရေးဝန်ကြီးဌာနက လမ်းညွှန်ထားတဲ့အတိုင်း လိုက်နာဂရုပြုဖို့လိုပါတယ်။ အပြင်ထွက်ရင် ဦးထုပ်တို့ ထီးတို့ ဆောင်းသွားတာမျိုး နေပူထဲသွားပြီးမှ ပြန်လာရင်လည်း အေးတဲ့အခန်းထဲ ချက်ချင်းဝင်တာမျိုးမလုပ်ဘဲနဲ့ အရိပ်ထဲ ခဏနားပြီးမှဝင်တာမျိုး ဒါမျိုးလေးတွေ အသေးအဖွဲကအစ ဂရုပြုပြီးမှ ဆောင်ရွက်ဖို့လိုပါတယ်။ 

Voice : ဟုတ်ကဲ့ဆရာ။ အခုလိုဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်။ 

ပြည့်ဖြိုးလင်း