News

POST TYPE

ENVIRONMENT

ဧရာဝတီမြစ်ရေ မြင့်တက်နိုင်
18-Feb-2019
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၈

မြန်မာနိုင်ငံ အထက်ပိုင်းဒေသများတွင် မိုးရွာသွန်းနေသည့်အတွက် ဧရာဝတီမြစ်ရေမှာ လက်ရှိရေမှတ်များအထက်သို့ မြင့်တက်နိုင်ဖွယ်ရှိကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက သတင်းထုတ်ပြန်သည်။

ဧရာဝတီမြစ်ရေသည် မြစ်ကြီးနားမြို့၊ ဗန်းမော်မြို့၊ ရွှေကူမြို့၊ ကသာမြို့၊ သပိတ်ကျင်းမြို့၊ မန္တလေးမြို့နှင့် စစ်ကိုင်းမြို့တို့တွင် တစ်ပေမှ နှစ်ပေခန့်၊ မြင်းမူမြို့၊ ပခုက္ကူမြို့၊ ညောင်ဦးမြို့၊ ချောက်မြို့၊ မင်းဘူးမြို့၊ မကွေးမြို့၊ အောင်လံမြို့၊ ပြည်မြို့၊ ဆိပ်သာမြို့၊ ဟင်္သာတမြို့နှင့် ဇလွန်မြိုတို့တွင် ပေဝက်မှ တစ်ပေခန့် လက်ရှိရေအမှတ်များအထက် မြင့်တက်လာနိုင်ကြောင်း အဆိုပါဌာနထံမှ သိရသည်။

ယင်းသို့ မြစ်ရေမြင့်တက်လာနိုင်သည့်အတွက် မြစ်ကမ်းနံဘေးနှင့် ကျွန်းများပေါ်တွင် စိုက်ပျိုးရေးလုပ်ဆောင်နေသူများ အနေဖြင့် သတိပြုနေထိုင်ရန်လိုအပ်သည်။

ထို့ပြင်ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် လာမည့်ဖေဖော်ဝါရီလ ၂၅ ရက်နေ့အထိ မိုးဆက်လက်ရွာနိုင်ခြေရှိနေသေးကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက ခန့်မှန်းထားသည်။ 

E-03