News

POST TYPE

ENVIRONMENT

မြစ်ဆုံရေကာတာ ကန့်ကွက်သည့် လက်မှတ်များ အွန်လိုင်းမှတစ်ဆင့် ဦးထွန်းလွင် ကောက်ခံ
29-Oct-2016

 

ရန်ကုန်၊ အောက်တိုဘာ ၂၉



မြစ်ဆုံရေကာတာ ကန့်ကွက်သည့် လက်မှတ်များကို အွန်လိုင်းမှတစ်ဆင့် လက်မှတ်ကောက်ယူသည့် ဆော့ဖ်ဝဲ အသုံးပြု၍ မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က လိုက်လံကောက်ခံလျက် ရှိသည်။


အဆိုပါလက်မှတ် ဝင်ရောက်ရေး ထိုးနိုင်မည့် Ipetitions ဆိုသည့် ဆော့ဖ်ဝဲ၏ Link ကို ဒေါက်တာထွန်းလွင်၏ လူမှုကွန်ရက် စာမျက်နှာတွင် ဖော်ပြခဲ့ပြီး လက်မှတ်များ ကောက်ခံနေခြင်း ဖြစ်သည်။


မြစ်ဆုံ ရေကာတာ စီမံကိန်းကို ကန့်ကွက်သည့် လက်မှတ်ပေါင်း တစ်သန်းအထိ ရရှိရန် ကောက်ခံသွားမည်ဖြစ်ပြီး အစိုးရနှင့် မြစ်ဆုံကော်မရှင်ကို အသိပေလိုသည့် ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း ဒေါက်တာထွန်းလွင်က The Voice ကို ပြောကြားသည်။


 အဆိုပါ လက်မှတ်ကောက်ယူမှုကို စတင်ပြုလုပ်လိုက်သည့် တစ်နာရီအတွင်း Like ပြုလုပ်သူ လေးထောင်ကျော် ရရှိပြီး ဝင်ရောက်လက်မှတ်ထိုးသူ လေးရာကျော် ရှိခဲ့ကြောင်း ၎င်းက ဆိုသည်။


“လူတွေကို လိုက်ပြီး ပွဲကြီးလုပ်ပြီး လက်မှတ်ထိုးတာက အကုန်လုံးလည်း မပါနိုင်ဘူးလေ။ နောက်ဆုံး ခေတ်မီတဲ့နည်းပဲ ဆော့ဖ်ဝဲကလည်း စိတ်ချရတဲ့ ဆော့ဖ်ဝဲဆိုတော့ တစ်နည်းအားဖြင့်တော့ အစိုးရနဲ့ ကော်မရှင်ကို သိစေချင်တာပါ တစ်တိုင်းတစ်ပြည်လုံး ကန့်ကွက်တယ် ဆိုတာကို” ဟု ၎င်းက ရှင်းပြသည်။


မြစ်ဆုံကော်မရှင်ဟု လူသိများသော ဧရာဝတီမြစ်-မြစ်ဆုံ မြစ်ညာမြစ်ဝှမ်း ရေအားလျှပ်စစ် စီမံကိန်းများ လေ့လာစိစစ်သုံးသပ်ရေး ကော်မရှင်ကို ပြီးခဲ့သည့် သြဂုတ်လ ၁၂ ရက်နေ့တွင် နိုင်ငံတော်သမ္မတရုံးက ဖွဲ့စည်းထားခဲ့သည်။


ယင်းကော်မရှင် အဖွဲ့ဝင်များသည် စက်တင်ဘာလ ၁၅ ရက်နေ့တွင် ကချင်ပြည်နယ်သို့ သွားရောက်၍ စီမံကိန်း၏ အကျိုးသက်ရောက်မှုများကို လေ့လာခဲ့သည်။


  • VIA