News

POST TYPE

ENVIRONMENT

အင်အားအသင့်အတင့်ရှိ မြေငလျင်များ ခပ်စိပ်စိပ်လှုပ်
29-Oct-2016

ရန်ကုန်၊ အောက်တိုဘာ၂၉

မြန်မာနိုင်ငံရှိ ပြတ်ရွေ့အချို့ (မြေထုချပ်များ) ပြန်လည်လှုပ်ရှားမှုကြောင့် ဒေသအချို့တွင် ယခုရက်ပိုင်းအတွင်း အင်အားအသင့်အတင့်ရှိ မြေငလျင်များ ခပ်စိပ်စိပ် လှုပ်ခတ်ခဲ့ကြောင်း မြေငလျင် ဌာနခွဲထံမှ သိရသည်။ 

ပြီးခဲ့သည့် အောက်တိုဘာလ ၁၁ ရက်နေ့က စစ်ကိုင်းတိုင်းဒေသကြီး ထမံသီမြို့နှင့် အောက်တိုဘာလ ၂၆ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး မင်းကင်းမြို့အနီးနှင့် မြန်မာ-အိန္ဒိယ နယ်စပ်တို့ကို ဗဟိုပြု၍ အင်အားအသင့်အတင့်ရှိ မြေငလျင်များ လှုပ်ခတ်ခဲ့သည်။

အဆိုပါ မြေငလျင်များ ခပ်စိပ်စိပ် လှုပ်ခတ်ရခြင်းမှာ ပြတ်ရွေ့ကြောတစ်လျှောက်ရှိ မြေထုချပ်များ မငြိမ်မသက်ဖြစ်ကာ တစ်ခုနှင့်တစ်ခု တွန်းတိုက်နေသည့်အတွက် ယခုကဲ့သို့ အင်အားအသင့်အတင့်ရှိ မြေငလျင်များ မကြာခဏ လှုပ်ခတ်နေခြင်းသာ ဖြစ်ပြီး ငလျင်ကြီး ပြန်လည်လှုပ်ခတ်ရန် အစပျိုးနေသည်ဟု တိကျစွာ မဆိုနိုင်သော်လည်း စစ်ကိုင်းပြတ်ရွေ့ကြောပေါ်ရှိ မြို့ကြီးများသည် အင်အားပြင်း မြေငလျင် လှုပ်နိုင်သည့် အန္တရာယ်ရှိကြောင်း မြေငလျင်ဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာယဉ်မျိုးမင်းထွေးက ပြောကြားသည်။

အောက်တိုဘာလ ၂၉ ရက်နေ့ နံနက်ကလည်း မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့ အနီးကို ဗဟိုပြု၍ အင်အားရစ်ခ်တာ စကေး ၃ ဒသမ ၂ အဆင့်ရှိ အင်အားအနည်းငယ် ရှိသည့် မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက သတင်းထုတ်ပြန်သည်။       

“ငလျင်က စက္ကန့်ပိုင်းလောက်ပဲ ကြာတယ်။ ဒါပေမဲ့ လှုပ်တာကို သိသိသာသာ ခံစားရပြီး ဘေးကိုတောင် ယမ်းသွားသလို ဖြစ်သွားတယ်” ဟု နေပြည်တော်ရှိ ဌာနဆိုင်ရာ ဝန်ထမ်းတစ်ဦးက ဆိုသည်။

စစ်ကိုင်းပြတ်ရွေ့ကြောရှိ ငလျင်အန္တရာယ် ရှိနိုင်သည့် မြို့ကြီးများတွင် နေပြည်တော်၊ တောင်တွင်းကြီး၊ မန္တလေး၊ တောင်ငူ၊ ဖြူးနှင့် ပဲခူးမြို့တို့ ပါဝင်နေပြီး ယခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာလအထိ ငလျင်ငယ်များ မကြာခဏ လှုပ်ခတ်နေရာတွင် ပြီးခဲ့သည့် သြဂုတ်လ အတွင်းက လှုပ်ခတ်ခဲ့သည့် ချောက်ငလျင်ကြောင့် ပုဂံ၊ ညောင်ဦးရှိ စေတီပုထိုးများ ပြိုကျပျက်စီးခဲ့ကြောင်း တောင်ငူခရိုင် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန ဦးစီးအရာရှိ ဦးမျိုးမြင့်အောင်က ပြောကြားသည်။

“ငလျင်က အင်အားနည်းပေမယ့် အများနားလည်အောင် ပြောရရင် မြေထုအနက်တိမ်ရင် မြေပေါ်က ပိုမိုခံစားရလေ့ ရှိတယ်” ဟု ၎င်းက ဆိုသည်။

  • VIA