News

POST TYPE

ENVIRONMENT

ထားဝယ်တွင် တိရစ္ဆာန် ရောဂါရှာဖွေရေးဓာတ်ခွဲခန်း လာမည့်နှစ် စသုံးနိုင်မည်
17-Jan-2019
ထားဝယ်၊ ဇန်နဝါရီ ၁၇

ထားဝယ်မြို့တွင် တည်ဆောက်ထားသည့် တိရစ္ဆာန်ရောဂါရှာဖွေရေးဓာတ်ခွဲခန်းတွင် ရောဂါရှာဖွေရေးလုပ်ငန်းများကို လာမည့်နှစ်တွင် စတင်လုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန(တိမွေးကု)ထံမှ သိရသည်။

တိုင်းဒေသကြီး တိမွေးကုရုံးဝင်းအတွင်းရှိ တိရစ္ဆာန် ရောဂါရှာဖွေရေး ဓာတ်ခွဲခန်း အဆောက်အအုံကို ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် ဆောက်လုပ်ထားသည်။

လက်ရှိတွင် ရောဂါရှာဖွေရေး ဓာတ်ခွဲခန်းသုံးပစ္စည်းများ ဝယ်ယူရန် တိုင်းအစိုးရဘတ်ဂျက်မှ ငွေကျပ်သိန်း ၃၅၀ ရရှိထားပြီး ပစ္စည်းဝယ်ယူခြင်းနှင့် ဓာတ်ခွဲခန်းဝန်ထမ်းလေ့ကျင့်ပေးခြင်းများ လုပ်ဆောင်ရမည်ဖြစ်ကြောင်း တိမွေးကုဌာန တာဝန်ရှိသူက ဆိုသည်။

အဆိုပါဓာတ်ခွဲခန်းတွင် တိရစ္ဆာန်များတွင် ဖြစ်ပွားသည့် ရောဂါအများစုကို ဓာတ်ခွဲအဖြေရှာနိုင်မည်ဖြစ်ပြီး ဆေးဝါးကုသရာတွင် အထောက်အကူဖြစ်မည်ဟု အထက်ပါတာဝန်ရှိသူက ဆိုသည်။

“ဟိုဘက်နှစ်ဆိုရင် စလုပ် (Run) နိုင်မယ်ပေါ့၊ ဓာတ်ခွဲခန်းအတွက်ဆိုရင် ဝန်ထမ်းခန့်ရအုန်းမယ်”ဟု ယင်းတာဝန်ရှိသူက ပြောသည်။

ယင်းဓာတ်ခွဲခန်းတွင် ကျွဲ၊ နွား၊ ဝက်၊ ကြက်ကဲ့သို့သော မွေးမြူရေးတိရစ္ဆာန်များအပြင် ခွေး၊ ကြောင်ကဲ့သို့ အိမ်မွေးတိရစ္ဆာန်များကိုပါ စစ်ဆေးနိုင်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ဒေသအတွင်းတွင် တိရစ္ဆာန်ရောဂါရှာဖွေရေး ဓာတ်ခွဲခန်းတစ်ခု အမှန်တစ်ကယ်လိုအပ်နေပြီး ဓာတ်ခွဲစစ်ဆေးချိန်တွင် အဖြေကို အမြန်ထုတ်ပေးနိုင်ရန်လည်း လိုအပ်ကြောင်း ရေဖြူမြို့နယ်အတွင်း ဝက်မွေးမြူရေး လုပ်ကိုင်သူတစ်ဦးက ပြောသည်။

“အဖြေမြန်မြန်သိမှပဲ မြန်မြန်ဆေးကုနိုင်မှာပါ”ဟု အဆိုပါ ဝက်မွေးမြူရေး လုပ်ကိုင်နေသူက ဆိုသည်။

တိုင်းအတွင်း ထီးခီးနယ်စပ်နှင့် မောတောင်နယ်စပ်တို့တွင်လည်း တိရစ္ဆာန်ကျန်းမာရေး စစ်ဆေးရေးစခန်း အဆောက်အအုံများကို ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်ကတည်းက ဆောက်လုပ်ထားသည်။

ယင်းကျန်းမာရေး စစ်ဆေးရေးစခန်းများတွင် တပ်ဆင်မည့် စက်ပစ္စည်းများအတွက် ငွေကြေးကို လာမည့်နှစ်တွင် ရရှိနိုင်မည်ဖြစ်ကြောင်း တိုင်းတိမွေးကုဌာနထံမှ သိရသည်။

Dawei Watch