News

POST TYPE

ENVIRONMENT

မုန်တိုင်းအရှိန်ကြောင့် မိုးသက်လေပြင်းအန္တရာယ်ရှိ
08-Jan-2019
ရန်ကုန်၊ ဇန်နဝါရီ ၈

ဘင်္ဂလားပင်လယ်အော်မှ မုန်တိုင်းငယ်သည် လေဖိအားနည်းရပ်ဝန်းအဖြစ် ကုန်းတွင်းဒေသသို့ ဝင်ရောက်ခဲ့ရာတွင် မုန်တိုင်းအကြွင်းအကျန် တိမ်တိုက်များကြောင့် ဒေသအလိုက် မိုးသက်လေပြင်း ကျရောက်နိုင်သည့်အန္တရာယ်ရှိနေကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးက ပြောကြားသည်။

“မြန်မာတစ်နိုင်ငံလုံး မိုးကတော့ ရနေနိုင်သေးတယ်။ ကုန်းမကြီးမှာတော့ တစ်ခုကြောက်ရတာက မုန်တိုင်းက ပြတ်ထွက်လာတဲ့ တိမ်တိုက်တွေကြောင့် လေပြင်းတိုက်တာပဲ။ မွန်ပြည်နယ်မှာ ဖြစ်သွားသလိုပေါ့။ မိုးတိမ်တောင်တွေဖြစ်ပြီး ထစ်ချုန်းမိုးရွာတဲ့အခါကျရင်တော့ မိုးသက်လေပြင်း တိုက်ခတ်တာတွေဖြစ်နိုင်သေးတယ်”ဟု ၎င်းက ပြောဆိုသည်။

ဇန်နဝါရီလ ၇ ရက် ညပိုင်းမှစတင်၍ ဇန်နဝါရီလ ၈ ရက်အထိ ရန်ကုန်အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် နေရာကွက်၍ မိုးကြီးခဲ့သည့်အပြင် မွန်ပြည်နယ်အပါအဝင် ဒေသအချို့၌လည်း မိုးသက်လေပြင်းတိုက်ခတ်ခဲ့၍ စာသင်ကျောင်း၊ လူနေအိမ်နှင့် အဆောက်အအုံများ ပြိုကျပျက်စီးခဲ့သည်။

ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ဇန်နဝါရီလ ၈ ရက်၌ မြစ်ဝကျွန်းပေါ်ဒေသနှင့် ရခိုင်ကမ်းရိုးတန်းတောင်ပိုင်းအနီးတွင် ဆက်လက်တည်ရှိနေပြီးနောက် ရခိုင်ပြည်နယ်တောင်ပိုင်းနှင့် အလယ်ပိုင်းဒေသများဘက်သို့ ဆက်လက်ရွေ့လျားနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။

ယင်းသို့ရွေ့လျားရာတွင် ဧရာဝတီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်(တောင်ပိုင်း)တို့သည် လေဖိအားနည်းရပ်ဝန်း၏ အဝန်းအဝိုင်းအတွင်းသို့ ကျရောက်နေသဖြင့် မိုးသည်းထန်ခြင်းနှင့် လေပြင်းတိုက်ခတ်ခြင်းတို့ ဖြစ်ပေါ်နိုင်သေးကြောင်း ဒေါက်တာကျော်မိုးဦးက ထပ်လောင်းပြောဆိုသည်။

“အားပျော့သွားပြီ။ သူ့မှာ မုန်တိုင်းလိုမျိုး ဗဟိုချက် မရှိတော့ဘူး။ အဝန်းအဝိုင်းပဲရှိတော့ ဧရာဝတီနဲ့ ရခိုင်ကတော့ မိုးကြီးနိုင်သေးတယ်။ ဒါအပြင်ပင်လယ်ပြင်မှာတော့ လှိုင်းကြီးတာတို့ မိုးသက်လေပြင်းကျတာတို့တော့ဖြစ်နိုင်တယ်”ဟု ၎င်းကဆိုသည်။

အဆိုပါ လေဖိအားနည်းရပ်ဝန်း၏ အရှိန်ကြောင့် မြန်မာနိုင်ငံတစ်ဝန်း မိုးရွာနိုင်ဖွယ်ရှိနေပြီး ရန်ကုန်တိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်တို့တွင် ဒေသအလိုက်နှင့် နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ ကယားပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။

ထို့ပြင်မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးနိုင်ရာ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၈ ပေမှ ၁၀ ပေခန့်အထိရှိနိုင်ကြောင်း၊ အလားတူဒေသအလိုက်မိုးကြီးခြင်း၊ လေပြင်းတိုက်ခတ်ခြင်းနှင့် မြေပြိုခြင်းတို့ ဖြစ်ပေါ်နိုင်သည့်အတွက် ကြိုတင်သတိပြုနေထိုင်ရန်လိုအပ်ကြောင်း အဆိုပါဌာနက သတိပေးထားသည်။

E-03