News

POST TYPE

ENVIRONMENT

အားကောင်းသည့် မုန်တိုင်းငယ်ကို လိမ္မော်ရောင်အဆင့်သို့ ပြောင်းလဲသတ်မှတ်၊ မြစ်ဝကျွန်းပေါ်နှင့် ရခိုင်ကမ်းရိုးတန်းတောင်ပိုင်း မုန်တိုင်းစက်ဝန်းအတွင်း ကျရောက်
24-Oct-2016

ရန်ကုန်၊ အောက်တိုဘာ ၂၄

ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းတွင်ဖြစ်ပေါ်နေသည့် အားကောင်းသည့် မုန်တိုင်းငယ်၏ လက်ရှိအခြေအနေကို လိမ္မော်ရောင်အဆင့်သို့ ပြောင်းလဲသတ်မှတ်လိုက်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက သတင်းထုတ်ပြန်သည်။

မြန်မာ့ကမ်းရိုးတန်း (မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်း တောင်ပိုင်းဒေသ)များသည် အားကောင်းသည့် မုန်တိုင်းငယ်၏ အဝန်းအဝိုင်းအတွင်း ကျရောက်နေသည့်အတွက်  လိမ္မော်ရောင်အဆင့် သတ်မှတ်ခြင်းဖြစ်ပြီး ယင်းမုန်တိုင်းငယ်သည် နောက် ၂၄ နာရီအတွင်း ပိုမိုအားကောင်းလာကာ ဆိုင်ကလုန်းမုန်တိုင်းအဖြစ်သို့ ရောက်ရှိနိုင်ကာ ပြန်ကွေ့ပြီး မြောက်-အနောက်မြောက်ဘက်သို့ ဆက်လက် ရွေ့လျားမည်ဖြစ်ကြောင်း အဆိုပါဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ယနေ့တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသည့် အားကောင်းသော မုန်တိုင်းငယ်သည် မြောက်ဘက်သို့ အနည်းငယ်ရွေ့လျားခဲ့ပြီး မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့၏ မြောက်-အနောက်မြောက်ဘက် ၁၅၅ မိုင်ခန့်၊ ဟိုင်းကြီးကျွန်းမြို့၏ အနောက်မြောက်ဘက် ၇၅ မိုင်ခန့်၊ ပုသိမ်မြို့၏ အနောက်-အနောက်တောင်ဘက် ၈၅ မိုင်ခန့်၊ ဂွမြို့၏ အနောက်တောင်ဘက် ၉၅ မိုင်ခန့်၊ ရန်ကုန်မြို့၏ အနောက်-အနောက်တောင်ဘက် မိုင် ၁၇၀ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ခန့်မှန်းချက်ထုတ်ပြန်သည်။ 

ယင်းသို့ မြန်မာ့ကမ်းရိုးတန်း (မြစ်ကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်း တောင်ပိုင်းဒေသ)သည် အဆိုပါ အားကောင်းသည့် မုန်တိုင်းငယ်၏ အဝန်းအဝိုင်းအတွင်း ရောက်ရှိနေသည့်အတွက် ဧရာဝတီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင် ၄၀အထိ တိုက်ခတ်နိုင်ပြီး မုန်တိုင်းဒီရေအမြင့်ဆုံးမှာ ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်နှင့် ရခိုင်ပြည်နယ်တောင်ပိုင်း၊ သံတွဲခရိုင်တို့တွင် (၂)ပေမှ (၅)ပေခန့်အထိ မြင့်တက်နိုင်ကြောင်း အဆိုပါဌာနက သတိပေးထားသည်။




  • VIA