News

POST TYPE

ENVIRONMENT

တိရစ္ဆာန်သန်းခေါင်စာရင်း ဇန်နဝါရီလတွင် ထုတ်ပြန်မည်
27-Dec-2018
မန္တလေး၊ ဒီဇင်ဘာ ၂၆

မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာအရ ကောက်ယူခဲ့သည့် တိရစ္ဆာန်သန်းခေါင်စာရင်းကို ၂၀၁၉ ခုနှစ် ဇန်နဝါရီလတွင် ထုတ်ပြန်ပေးမည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနထံမှ သိရသည်။

တိရစ္ဆာန်သန်းခေါင်စာရင်းကို နိုင်ငံ၏ထုတ်လုပ်နိုင်မှုကို ပြန်လည်တွက်ချက်နိုင်ရန်အတွက် ကောက်ယူခဲ့ခြင်းဖြစ်ပြီး ဇန်နဝါရီလ ၁၀ ရက်တွင်ထုတ်ပြန်နိုင်ရန် ရည်ရွယ်ထားကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဒုတိယညွန်ကြားရေးမှူး ဒေါက်တာ နှင်းသီတာမြင့်က ပြောကြားသည်။

“အသားစားသုံးမှု၊ နိုင်ငံရဲ့လိုအပ်ချက်ကို တွက်ချက်တဲ့အခါမှာ ကောင်ရေ စာရင်းက လိုအပ်ပါတယ်။ အဲဒီနေ့မှာတော့ ပြည်နယ်တိုင်းအဆင့် စာရင်းချုပ်ကို ထုတ်ပြန်ပေးမှာဖြစ်ပါတယ်။ ခွဲခြားစိတ်ဖြာထားတဲ့ဟာတွေကိုတော့ အခြားဝန်ကြီးဌာနတွေ၊ ဦးစီးဌာနတွေနဲ့ ပူးပေါင်းပြီးတော့ ထုတ်ပြန်ပေးမှာ ဖြစ်ပါတယ်”ဟု ဒေါက်တာ နှင်းသီတာမြင့်က ဆိုသည်။

တိရစ္ဆာန်သန်းခေါင်စာရင်းကို ၁၉၉၄ တွင် ကောက်ယူခဲ့ပြီး နောက်ပိုင်းတွင် ခန့်မှန်းတွက်ချက်မှုများ ပြုလုပ်ခဲ့ကြောင်း၊ ၂၀၁၆ ခုနှစ်တွင် ညောင်ဦးမြို့နယ်တွင် နမူနာကောင်ရေ ကောက်ယူခြင်းများ ပြုလုပ်ခဲ့ရာမှ ကောင်ရေကွာဟချက်ကို တွေ့ရှိခဲ့ကြောင်း၊ တစ်နိုင်ငံလုံး အတိုင်းအတာအရ ကောက်ယူခြင်းလုပ်ငန်းများကို ၂၀၁၈ ခုနှစ် ဇန်နဝါရီလတွင် ကောက်ယူခဲ့ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနထံမှ သိရသည်။

၂၀၁၈ ခုနှစ်တွင် ကောက်ယူခဲ့သည့် စာရင်းများအရ နွားကောင်ရေ ဆယ်သန်းကျော်၊ ကျွဲကောင်ရေ နှစ်သန်းကျော်၊ သိုး၊ ဆိတ်ကောင်ရေ နှစ်သန်းကျော်၊ ဝက်ကောင်ရေ ခြောက်သန်းကျော် ရှိနေကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနရှိ စာရင်းများအရ သိရသည်။

M-05