News

POST TYPE

ENVIRONMENT

မုန်တိုင်းငယ် သတိပေးချက်နှင့် အမျိုးသား သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီက ပြည်သူလူထုသို့ အသိပေး နှိုးဆော်ချက်
23-Oct-2016

မုန်တိုင်းငယ်သတိပေးချက် 

ယနေ့ (အောက်တိုဘာ ၂၃ ရက်) မြန်မာစံတော်ချိန် ည ၆ နာရီခွဲ အချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော အားကောင်းသော မုန်တိုင်းငယ်သည် သိသိသာသာ ရွေ့လျားခြင်း မရှိဘဲ မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့၏ မြောက်-အနောက်မြောက်ဘက် ၈၅ မိုင်ခန့်၊ ဟိုင်းကြီးကျွန်းမြို့၏ အနောက်တောင်ဘက် ၈၅ မိုင်ခန့်၊ ပုသိမ်မြို့၏ အနောက်တောင်ဘက် ၁၂၅ မိုင်ခန့်၊ ဂွမြို့၏ တောင်-အနောက်တောင်ဘက် ၁၅၅ မိုင်ခန့်၊ ရန်ကုန်မြို့၏ အနောက်တောင်ဘက် ၂၀၅ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။

အားကောင်းသော မုန်တိုင်းငယ်၏လက်ရှိအခြေအနေမှာ မြန်မာ့ကမ်းရိုးတန်း (မြစ်ဝကျွန်းပေါ် ဒေသများ)နှင့် နီးကပ်နေပါသဖြင့် အနီရောင်အဆင့်ဟု သတ်မှတ်ပါသည်။

နောက် (၁၂)နာရီအတွင်း ခန့်မှန်းချက်

အဆိုပါ အားကောင်းသော မုန်တိုင်းငယ်သည် နောက် (၁၂) နာရီအတွင်း ပိုမို အားကောင်းလာကာ ဆိုင်ကလုန်း မုန်တိုင်းအဖြစ်သို့ ရောက်ရှိနိုင်ပြီး မြန်မာ့ကမ်းရိုးတန်း (မြစ်ဝကျွန်းပေါ်ဒေသ)အနီးသို့ ဦးတည် ရွေ့လျားပြီးနောက် ပြန်ကွေ့ကာ မြောက် - အနောက်မြောက်ဘက်သို့ ဆက်လက် ရွေ့လျားမည်ဟု ခန့်မှန်း ရပါသည်။

သတိပေးနှိုးဆော်ချက်

အဆိုပါ အားကောင်းသော မုန်တိုင်းငယ်သည် မြန်မာ့ကမ်းရိုးတန်း (မြစ်ကျွန်းပေါ်ဒေသ) အနီးသို့ ရောက်ရှိစဉ် ဧရာဝတီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ် တောင်ပိုင်းတို့တွင် အမြင့်ဆုံး လေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင် (၄၀)မှ (၄၅) မိုင်အထိ တိုက်ခတ်နိုင်ပြီး၊ ရန်ကုန်တိုင်းဒေသကြီးတွင် တစ်နာရီလျှင် မိုင် ၃၀ မှ ၃၅ မိုင်အထိ တိုက်ခတ် နိုင်ပါသည်။

သို့ဖြစ်ပါ၍ မုန်တိုင်းဒီရေ အမြင့်ဆုံးမှာ ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်နှင့် ရခိုင်ပြည်နယ် တောင်ပိုင်း၊ သံတွဲခရိုင်တို့တွင် ၇ ပေမှ ၁၀ ပေခန့်အထိ မြင့်တက်နိုင်ပါသည်ဟု ခန့်မှန်းရပါသည်။

အဆိုပါ အားကောင်းသော မုန်တိုင်းငယ်၏ အရှိန်ကြောင့် (၂၄.၁၀.၂၀၁၆) ရက်နေ့မှ (၂၇.၁၀.၂၀၁၆) ရက်နေ့အတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီ တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး နေရာကွက်၍ မိုးကြီးနိုင်ပါသည်။

အဆိုပါ အားကောင်းသော မုန်တိုင်းငယ်၏ အရှိန်ကြောင့် မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင် / မြေပြင် လေသည် တစ်နာရီလျှင် မိုင် ၄၀ အထိ တိုက်ခတ်နိုင်ပါသည်။

၁။ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်ချက်များအရ ဘင်္ဂလား ပင်လယ်အော် အရှေ့ အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်သည် မြန်မာ့ ကမ်းရိုးတန်း (မြစ်ဝကျွန်းပေါ်ဒေသများ) သို့ နီးကပ်နေပါသဖြင့် အနီရောင်အဆင့်ဟု သတ်မှတ်ထားကြောင်း သိရှိရပါသည်။

၂။ အမျိုးသား သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီအနေဖြင့် မုန်တိုင်း သတိပေးချက် သိရှိချိန်မှစ၍ မုန်တိုင်း၏ အဆင့်ဆင့် ရွေ့လျား ပြောင်းလဲမှုအား စဉ်ဆက်မပြတ် စောင့်ကြည့် လေ့လာလျှက်ရှိပြီး လိုအပ်သည့် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်နိုင်ရန်အတွက် အမျိုးသား သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု လုပ်ငန်းကော်မတီ (လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန) သို့ ညွှန်ကြားထားရှိပြီး ဖြစ်ပါသည်။ အမျိုးသား ကော်မတီ၏ လမ်းညွှန်ချက်အရ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနအနေဖြင့်လည်း အောက်ဖော်ပြပါ လုပ်ငန်းများအား ဆောင်ရွက်လျက်ရှိပါသည်-
(က) ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဦးစီးဌာန၊ အရေးပေါ် အခြေအနေ စီမံခန့်ခွဲမှုဌာန အနေဖြင့် နိုင်ငံတကာ မိုးလေဝသဆိုင်ရာ Website များမှ ရရှိသော အချက်အလက်များနှင့် မိုးလေဝသ၊ ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်ချက်များအား စိစစ် လေ့လာသုံးသပ်၍ ပြည်သူလူထု ဆောင်ရွက်ရန်များအား ဦးစီးဌာန၏ Facebook Website ဖြစ်သော Relief and Resettlement Department Myanmar ၌ အချိန်နှင့်တပြေးညီ ထုတ်ပြန် အသိပေးခြင်း၊

(ခ) Mobile Application ဖြစ်သော Disaster Alert Notifications (DAN) မှတဆင့် နောက်ဆုံး ရရှိသည့် မိုးလေဝသ သတင်းနှင့် အကြံပြုချက်များအား ထုတ်ပြန်ပေးခြင်း၊

(ဂ) မုန်တိုင်း သတင်းအား ရေဒီယို၊ ရုပ်မြင်သံကြားများမှတဆင့် အဆက်မပြတ် ကြည့်ရှု နားထောင်စေရန် နှိုးဆော်ခြင်း၊

(ဃ) ကြိုတင် သတိပေး နှိုးဆော်မှု ဆောင်ရွက်ရန် တပ်ဆင်ထားသည့် Single Side Band (SSB) VHF ရေဒီယိုစက်များ အသုံးပြု၍ ကမ်းရိုးတန်း ဒေသများနှင့် မုန်တိုင်းကျရောက်နိုင်သည့် ဒေသများသို့ မပြတ် ဆက်သွယ်၍ သတင်းပေး ညွှန်ကြားခြင်း၊

(င) မုန်တိုင်း အန္တရာယ် ကျရောက်နိုင်ခြေရှိသည့် ကမ်းရိုးတန်း ဒေသများနှင့် တိုင်းဒေသကြီး / ပြည်နယ် ဦးစီးမှူးရုံးများ အနေဖြင့် မုန်တိုင်းအန္တရာယ် ကြိုတင် ပြင်ဆင်ရေးဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်စေခြင်း၊ အရေးပေါ်ပါက ပြည်သူလူထုအား ဘေးကင်းရာသို့ အချိန်နှင့်တပြေးညီ ရွှေ့ပြောင်းနိုင်ရေး ညှိနှိုင်း ပြင်ဆင်စေခြင်း၊ သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်/ ခရိုင်ရုံးများရှိ သိုလှောင်ရုံများတွင် အသင့်ထားရှိပြီးဖြစ်သော စားရေးရိက္ခာနှင့် ကယ်ဆယ်ရေး ပစ္စည်းများအား လိုအပ်ပါက အချိန်နှင့် တပြေးညီ ဖြန့်ဝေနိုင်ရေး ပြင်ဆင်စေခြင်း၊

( စ ) ရပ်ကွက်/ ကျေးရွာများရှိ ကြိုတင် သတ်မှတ်ပေးထားသော ဘေးဒဏ်ခံ အဆောက်အဦများ၊ မုန်တိုင်းဒဏ်ခံ အဆောက်အဦများသို့ ဒေသဆိုင်ရာ သဘာဝဘေး အန္တရာယ် စီမံခန့်ခွဲမှု ကော်မတီများ၏ စီမံမှုဖြင့် ကြိုတင် ရွှေ့ပြောင်းမှုများ ဆောင်ရွက်နိုင်ရန် ညှိနှိုင်း ပေါင်းစပ်စေခြင်း၊

(ဆ) မုန်တိုင်း ဝင်ရောက်လာပါက ရှာဖွေ ကယ်ဆယ်ရေး လုပ်ငန်းများအား အချိန်နှင့် တပြေးညီ ဆောင်ရွက်နိုင်ရန် တိုင်းဒေသကြီး/ ပြည်နယ် ကယ်ဆယ်‌ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးမှူးများအား သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့ / ခရိုင်/ မြို့နယ် အုပ်ချုပ်မှုဆိုင်ရာ အဖွဲ့အစည်းများနှင့် ညှိနှိုင်း ပေါင်းစပ်စေခြင်း၊

၃။ ပြည်သူလူထု အနေဖြင့်လည်း အောက်ဖော်ပြပါ ကြိုတင်ပြင်ဆင်မှု လုပ်ငန်းများအား ဆောင်ရွက်ထားသင့်ကြောင်း အကြံပြုလိုပါသည်-

(က) မိမိတို့ နေအိမ် ပတ်ဝန်းကျင်ရှိ ဘေးအန္တရာယ် ဖြစ်နိုင်ခြေများနှင့် အိမ်၏ ကြံ့ခိုင်မှုကို စစ်ဆေး၍ လိုအပ်သလို ပြင်ဆင်ထားခြင်း၊

(ခ) မိသားစုများ အရေးပေါ် ပြောင်းရွှေ့နိုင်ရန် နေရာ၊ လမ်းကြောင်းများနှင့် မိသားစုဆုံရပ် (ဥပမာ - အသက်ကယ်ကုန်းမြင့်၊ ရေလွတ်နိုင်မည့် နေရာများ၊ အဆောက်အအုံများ) သတ်မှတ်ထားခြင်း၊

(ဂ) ရေစိုပျက်စီးနိုင်သော ပစ္စည်းများကို ခြောက်သွေ့၍ မြင့်သောနေရာတွင် ထားရှိခြင်း၊

(ဃ) အရေးပေါ် အသုံးပြုရန် စားနပ်ရိက္ခာနှင့် သောက်သုံးရေများ ကြိုတင် စုဆောင်းထားခြင်း၊

(င) အရေးကြီး စာရွက်စာတမ်းများ၊ အရေးပေါ်သုံး ပစ္စည်းများ (ဥပမာ - ရေစိုခံ မိုးကာ၊ လည်ရှည် ဖိနပ်၊ ခြုံစောင်နှင့် အဝတ်စားများ၊ ဘက်ထရီ အပြည့်ရှိသည့် ဖုန်းနှင့် ရေဒီယို၊ လက်နှိပ်ဓါတ်မီးနှင့် ဓါတ်ခဲအပိုများ၊ ရှေးဦးသူနာပြု ပစ္စည်းများ)နှင့် အရေးပေါ် အသက်ကယ် ပစ္စည်းများ (ဥပမာ- အသက်ကယ် အင်္ကျီ၊ ကားတာယာကျွတ်၊ ရေလုံပိတ် ရေပုံး အလွတ်၊ ငှက်ပျောတုံး၊ သစ်တုံး)တို့အား ကြိုတင်ပြင်ဆင် စုဆောင်းထားခြင်း၊

(စ) သက်ဆိုင်ရာ အစိုးရဌာနမှ ထုတ်ပြန်ကြေငြာသော မိုးလေဝသ သတင်းများကို စဉ်ဆက်မပြတ် နားထောင်ပြီး အကြံပြုချက်များကို လိုက်နာခြင်း၊ အခြားသူများကို ဝေမျှခြင်း၊

(ဆ) မုန်တိုင်း ဖြတ်ကျော်မှု၊ ရေကြီးမှုများ ဖြစ်ပေါ်ခဲ့ပါက သက်ဆိုင်ရာ အစိုးရဌာန၏ ညွှန်ကြားချက်နှင့်အညီ ရွေးချယ်ထားသော ဘေးလွတ်ရာ နေရာသို့ ပြောင်းရွှေ့ ခိုလှုံခြင်း၊

(ဇ) မုန်တိုင်း ဖြစ်ပေါ်ခဲ့ပါက မုန်တိုင်းဖြစ်ပြီးချိန်တွင် မလိုအပ်ဘဲ အပြင်ထွက်ခြင်း၊ ကမ်းခြေ၊ မြစ်ကမ်းနား၊ တောင်စောင်းများသို့ သွားရောက်မှု ရှောင်ကြဉ်ခြင်း၊

(ဈ) မုန်တိုင်း ဖြစ်ပေါ်ခဲ့ပါက မုန်တိုင်း ဖြစ်ပြီးချိန်တွင် သန့်ရှင်းသော သောက်သုံးရေ (သို့မဟုတ်) ကျိုချက်ထားသော ရေ (သို့မဟုတ်) ရေသန့်ဆေး ခတ်ထားသော ရေကိုသာ သောက်သုံးနိုင်ရေး ပြင်ဆင်ထားခြင်း။

၎။ သို့ဖြစ်ပါ၍ ပြည်သူလူထု အနေဖြင့် မုန်တိုင်း၏ ဖြစ်ပေါ်ပြောင်းလဲမှုများအား စောင့်ကြည့် နားထောင်ပြီး အကြံပြုချက်များ လိုက်နာခြင်း၊ ကောလာဟလ သတင်းများအား မယုံကြည်ဘဲ သက်ဆိုင်ရာ အစိုးရဌာနများသို့ ဆက်သွယ် အတည်ပြုချက် ရယူခြင်း၊ လိုအပ်ပါက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန (၀၆၇-၄၀၄၆၆၆/ ၄၀၄၇၇၇) သို့ ဆက်သွယ်၍ သတင်း မေးမြန်းခြင်းတို့အား ဆောင်ရွက်နိုင်ပါကြောင်း အသိပေး ထုတ်ပြန်အပ်ပါသည်။

(အမျိုးသား သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီ)

  • VIA