POST TYPE

ENVIRONMENT

ဧရာဝတီ တိုင်းဒေသကြီးတွင် မုန်တိုင်းအန္တရာယ် ကြိုတင်ပြင်ဆင်ရန် ကြေညာချက်ထုတ်
22-Oct-2016

ပုသိမ်၊ အောက်တိုဘာ ၂၂

ဘင်္ဂလား ပင်လယ်အော်တွင် ဖြစ်ပေါ်နေသည့် မုန်တိုင်းငယ်ကြောင့် ဧရာဝတီတိုင်း ဒေသကြီးအတွင်း မုန်တိုင်း အန္တရာယ် ကြိုတင်ပြင်ဆင်ရန် ကြေညာချက် ထုတ်ပြန်ထားရာ ပင်လယ်ကမ်းနီး ကမ်းဝေး ငါးဖမ်း လှေများ ကမ်းခြေသို့ ပြန်လည် ဝင်ရောက်လာကြောင်း ဒေသခံပြည်သူများနှင့် လွှတ်တော် ကိုယ်စားလှယ်များထံမှ သိရသည်။

“မုန်တိုင်းက ဟိုင်းကြီးကျွန်းကို ဦးတည်နေတယ်လို့ ပြောတယ်။ ပြီးရင်ကမ်းခြေတစ်လျှောက် အလွန်နီးကပ်စွာ ဖြတ်သန်းပြီး အနောက်မြောက်ဘက်ကို ရွေ့မယ်လို့ ပြောတဲ့အတွက် အုပ်ချုပ်ရေးပိုင်းက မြို့နယ်ရော မြို့ရော တပ်မတော် ရေရော သူတို့တွေ ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်နေကြပါတယ်”ဟု ငပုတောမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးဇော်ရွှေက ဆိုသည်။

ဧရာဝတီတိုင်းအတွင်းရှိ မုန်တိုင်း အန္တရာယ် ကျရောက်နိုင်သည့် ပုသိမ်၊ မြောင်းမြ၊ လပွတ္တာခရိုင်များသို့ ကြိုတင် ပြင်ဆင်မှုများ ပြုလုပ်ထားရန် အကြောင်း ကြားထားကြောင်း၊ ထူးခြားဖြစ်စဉ်ရှိပါက အချိန်နှင့်တစ်ပြေးညီ တင်ပြကြရန် ညွှန်ကြားထားပြီး အကယ်၍ မုန်တိုင်းဖြတ်သန်း ပြီးပါကလည်း ကယ်ဆယ်ရေး လုပ်ငန်းများ အလျင်အမြန် ဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာ ဌာနများထံ အကြောင်း ကြားထားကြောင်း၊ မုန်တိုင်းသတင်း သတိပေး ထုတ်ပြန်ချက်များကိုလည်း အချိန်နှင့် တစ်ပြေးညီ ထုတ်ပြန်ပေးနေကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့ ရုံးညွှန်ကြားရေးမှူး ဦးမျိုးမင်းထွန်းက ရှင်းပြ ပြောဆိုသည်။

“ကျေးရွာတွေအထိ အသံချဲ့စက်နဲ့ လိုက်အော်ပေးတယ်။ ရေဒီယိုသတင်းကို မပြတ် နားထောင်ကြဖို့။ ကောလာဟလ သတင်းတွေ မယုံကြည်ဖို့”ဟု ငပုတောမြို့နယ် ချောင်းဝကျေးရွာမှ ကိုကျော်စိုးမိုးက ဆိုသည်။  

ချောင်းသာကမ်းခြေတွင်မူ အောက်တိုဘာလ ၂၂ ရက်နေ့ ညနေအထိ ရေကူးခွင့်ပြုပြီး နောက်နေ့ကစ၍  ရေထဲဆင်းခြင်းနှင့် ရေကူးခြင်းကို ခွင့်ပြုမည် မဟုတ်ကြောင်း၊ ဒေသခံများရော ဧည့်သည်များပါ ဒေသဆိုင်ရာ အုပ်ချုပ်ရေး အဖွဲ့များ၏ မုန်တိုင်း သတိပေးချက်နှင့် ညွှန်ကြားချက်များကို တိကျစွာ လိုက်နာ ဆောင်ရွက်ရေးတို့ကို ဆောင်ရွက်ထားကြောင်း ချောင်းသာကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်က ပြောကြားသည်။

“မုန်တိုင်း သတိပေးခံရတဲ့ မြို့နယ်တွေမှာ အားလုံးကို အသင့် အနေအထား ဆောင်ရွက်ထားဖို့ ညွှန်ကြားထားပြီး ဖြစ်ပါတယ်”ဟု ဧရာဝတီ တိုင်းဒေသကြီး မီးသတ်ဦးစီးဌာန ဒုတိုင်းဦးစီးမှူး ဦးကျော်ကျော်က ဆိုသည်။

ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသည့် မုန်တိုင်းငယ်သည် အောက်တိုဘာလ ၂၃ ရက်နေ့ ညပိုင်းတွင် အရှေ့ဘက်သို့ ရွေ့လျားပြီး အောက်တိုဘာလ ၂၄ ရက်နေ့တွင် လပွတ္တာမြို့အနီးသို့ ရောက်ရှိနိုင်ကြောင်း၊ ယင်းကမ်းခြေမှတစ်ဆင့် အောက်တိုဘာလ ၂၅ ရက်နေ့တွင် ငရုတ် ကောင်း၊ ငွေဆောင်၊ ချောင်းသာကမ်းခြေ များအနီးမှတစ်ဆင့် ပင်လယ်ပြင်ဘက်သို့ ပြန်လည်ရွေ့လျားနိုင်ကြောင်း မိုးလေဝသ ပညာရှင်များက ခန့်မှန်းထားသည်။        

  • VIA