News

POST TYPE

ENVIRONMENT

မုန်တိုင်းအရှိန်ကြောင့် ရန်ကုန်တွင် နေရာကွက်ကျား မိုးရွာမည်
15-Dec-2018
ရန်ကုန်၊ ဒီဇင်ဘာ ၁၅

ဘင်္ဂလားပင်လယ်အော်တွင်ဖြစ်ပေါ်နေသည့် အားကောင်းသောမုန်တိုင်းငယ်၏အရှိန်ကြောင့် နောက်နှစ်ရက်အတွင်း ရန်ကုန်အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် ဒေသအလိုက် နေရာကွက်ကျား မိုးရွာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက သတင်းထုတ်ပြန်သည်။

မုန်တိုင်း၏အရှိန်ကြောင့် မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် နေရာကျဲကျဲမှ နေရာစိပ်စိပ်နှင့် ရန်ကုန် အပါအဝင် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်း ရွာနိုင်ကြောင်း အဆိုပါဌာနက ခန့်မှန်းထားသည်။

ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အရှေ့ တောင်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော အားကောင်းသော မုန်တိုင်းငယ်သည် ဆိုင်ကလုန်းမုန်တိုင်းအဆင့်သို့ ဒီဇင်ဘာလ ၁၆ ရက်နေ့ဝန်းကျင်၌ ရောက်ရှိလာနိုင်သော်လည်း မြန်မာနိုင်ငံသို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။

ရန်ကုန်မြို့တော်တွင် ဒီဇင်ဘာလ ၁၅ ရက်နေ့၌ နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်ဖြစ်ပြီး ရွာရန်ရာနှုန်း ၈၀ ဖြစ်ကြောင်း အဆိုပါဌာနက ခန့်မှန်းချက်ထုတ်ပြန်သည်။

ထို့ပြင်မုန်တိုင်းအရှိန်ကြောင့် ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ရာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် လှိုင်းအမြင့် ခြောက်ပေမှ ကိုးပေခန့်အထိ ရှိနိုင်သဖြင့် ငါးဖမ်းရေယာဉ်များသတိပြုထွက်ခွာရန်လိုအပ်ကြောင်း ယင်းဌာနက သတိပေးထားသည်။

E-03