News

POST TYPE

ENVIRONMENT

မုန်တိုင်းစက်ကွင်းအတွင်း ရခိုင်နှင့် ဧရာဝတီကျရောက်၊ အန္တရာယ်ရှိ၍ ဂရုပြုရန်လိုဟုဆို
22-Oct-2016

ရန်ကုန်၊ အောက်တိုဘာ ၂၂

မြန်မာ့ကမ်းရိုးတန်းသို့ ဦးတည်ရွေ့လျားနေသည့် မုန်တိုင်းငယ်သည် နောက် ၄၈ နာရီအတွင်း ဆိုင်ကလုန်းမုန်တိုင်းအဖြစ်သို့ အားကောင်းလာနိုင်ရာ ရခိုင်ပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီးသည် မုန်တိုင်းစက်ကွင်းအတွင်းကျရောက်နေသည့်အတွက် အန္တရာယ်ရှိကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက သတိပေးချက်ထုတ်ပြန်သည်။

“မြန်မာနိုင်ငံအနေနဲ့ ဂရုပြုဖို့လိုပါတယ်။ အထူးသဖြင့် ရခိုင်နဲ့ ဧရာဝတီတို့မှာ ၂၃ ရက်ကနေ ၂၅ ရက်နေ့အထိပါ”ဟု အဆိုပါဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးက ဆိုသည်။

လက်ရှိဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသည့် မုန်တိုင်းငယ်သည် အောက်တိုဘာ ၂၂ ရက် တိုင်းထွာချက်များအရ ကိုကိုးကျွန်း၏အနောက်- အနောက်တောင်ဘက် ၁၉၇ မိုင်ခန့်၊ ပုသိမ်မြို့၏ အနောက်တောင်ဘက် မိုင် ၃၂၀ ခန့်၊ ရန်ကုန်မြို့အနောက်တောင်ဘက် မိုင် ၄၀၀ ခန့်နှင့် အိန္ဒိယနိုင်ငံ ပို့လ်ဘလဲမြို့၏ အနောက်မြောက်ဘက် မိုင် ၂၁၀ ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပြီး အရှေ့- အရှေ့မြောက်အရပ်သို့ ဆက်လက်ရွေ့လျားကာ နောက် ၄၈ နာရီအတွင်း ဆိုင်ကလုန်းမုန်တိုင်းအဖြစ်ရောက်ရှိမည်ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်သည်။

အဆိုပါဆိုင်ကလုန်းမုန်တိုင်းအရှိန်ကြောင့် မိုးသက်လေပြင်းနှင့် အတူ မုန်တိုင်းဒီရေပါတက်လာနိုင်သည့်အတွက် သတိပြုရန်လိုအပ်ပြီး မုန်တိုင်းမဝင်ရောက်မီ ဘေးအန္တရာယ်လွတ်ရာသို့ အမြန်ဆုံးပြောင်းရွှေ့နိုင်ရန် ပြင်ဆင်ထားရန်လိုအပ်ကြောင်း ဒေါက်တာကျော်မိုးဦးက သတိပေးပြောကြားသည်။

ယင်းမုန်တိုင်းငယ်သည် နောက် ၄၈ နာရီအတွင်း ဆိုင်ကလုန်းမုန်တိုင်းအဖြစ် အားကောင်းလာကာ မြန်မာ့ကမ်းရိုးတန်းအနီးသို့ ရောက်ရှိလာနိုင်ကြောင်း၊ ယင်းမုန်တိုင်းအရှိန်ကြောင့် အောက်တိုဘာ ၂၃ ရက်မှ ၂၅ ရက်အတွင်း ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြားမိုးထစ်ချုန်းရွာနိုင်ပြီး နေရာကွက်၍ မိုးကြီးနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ခန့်မှန်းထားသည်။

ထို့ပြင် မြစ်ဝကျွန်းပေါ်ဒေသ၊ မုတ္တမကွေ့၊ မွန်- တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် မိုးသက်လေပြင်များကျရောက်နိုင်ပြီး လှိုင်းကြီးနိုင်သဖြင့် ကမ်းနီးကမ်းဝေးငါးဖမ်းရေယာဉ်နှင့် သင်္ဘောများသည် သတိပြုထွက်ခွာရန်လိုအပ်ကြောင်း ယင်းဌာနက ကြေညာချက်ထုတ်ပြန်သည်။

“တွက်ချက်မှုအရတော့ မြန်မာ့ကမ်းရိုးတန်းကနေအနောက်မြောက်ဘက် ရွေ့သွားနိုင်တာတွေ့ရတယ်။ ကွေ့ဖို့တော့များတယ်။ စောင့်တော့ကြည့်ရမယ်”ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်လွင်ဦးက ဆိုသည်။

ယင်းမုန်တိုင်းငယ်သည် အောက်တိုဘာ ၂၄ ရက်တွင် လပ္ပတ္တာမြို့အနောက်ဘက် မိုင် ၁၀၀ ခန့်အကွာသို့ ရောက်ရှိပြီးနောက် အနောက်မြောက်ဘက်သို့ ချိုးကွေ့ကာ အိန္ဒိယနိုင်ငံသို့ ဦးတည်ရွေ့လျားမည်ဖြစ်ကြောင်း၊ ယင်းနေ့ လပ္ပတ္တာမြို့အနောက်ဘက် ပင်လယ်ပြင်သို့ ရောက်ရှိစဉ် အမြင့်ဆုံးလေတိုက်နှုန်း ၇၅ km/h အထိရှိမည်ဖြစ်ပြီး အောက်တိုဘာ ၂၅ ရက် ညနေတွင် သံတွဲမြို့ အနောက်ဘက် ၂၃၅ မိုင်ခန့်အကွာတွင် မုန်တိုင်းအားအပြင်းဆုံး အခြေအနေဖြစ်နိုင်ကြောင်း လူမှုကွန်ရက်စာမျက်နှာဖြစ်သည့်ဖေ့စ်ဘွတ်ခ်၌ ရာသီဥတု၊ မိုးလေဝသနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ လေ့လာတင်ပြနေသည့် MMweather Page တွင် ဖော်ပြထားသည်။

ဓာတ်ပုံ - MMweather Page

  • VIA