News

POST TYPE

ENVIRONMENT

နောက်နှစ်ရက်အတွင်း ဒေသ ၁၀ ခု မိုးရွာမည်
11-Dec-2018

ရန်ကုန်၊ ဒီဇင်ဘာ ၁၁

တစ်နိုင်ငံလုံးအတိုင်းအတာအရ နောက်နှစ်ရက်အတွင်း ဒေသ ၁၀ခုတွင် မိုးထစ်ချုန်းရွာနိုင်သကဲ့သို့ မနက်ဖြန် (ဒီဇင်ဘာ ၁၂ ရက်) အတွက်ခန့်မှန်းချက်အရ ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက် နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်ဖြစ်ပြီး ရွာရန်ရာနှုန်း ၈၀ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်သည်။

နောက်နှစ်ရက်အတွင်း ရန်ကုန်၊ နေပြည်တော်၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ရှမ်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကွက်ကျားမှ နေရာကျဲကျဲ မိုးထစ်ချုန်းရွာနိုင်ကြောင်း အဆိုပါဌာန ညွှန်ကြားရေးမှူး ဦးကျော်လွင်ဦးက ပြောကြားသည်။

ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော အီကွေတာအနီး အိန္ဒိယသမုဒ္ဒရာတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ် (Depression)အဖြစ်သို့ ရောက်ရှိလာနိုင်ပြီး ရန်ကုန်နှင့် ကျန်ဒေသအချို့တွင် မိုးရွာနိုင်ခြင်းဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် မုန်တိုင်းငယ်အဖြစ်သို့ရောက်ရှိပါက အိန္ဒိယနိုင်ငံတောင်ပိုင်းကမ်းခြေဒေသကို ဦးတည် ရွေ့လျားနိုင်ဖွယ်ရှိကြောင်း ဦးကျော်လွင်ဦးက ပြောကြားသည်။ ယနေ့ (ဒီဇင်ဘာ ၁၁ ရက် မွန်းလွဲပိုင်းကလည်း) ရန်ကုန်မြို့ရှိ မြို့နယ်အချို့၌ မိုးရွာသွန်းခဲ့သည့်အပြင် မြန်မာနိုင်ငံအလယ်ပိုင်း မြို့နယ်အများစု၌လည်း မိုးသည်းထန်စွာ ရွာသွန်းခဲ့သည်။

E-03