News

POST TYPE

ENVIRONMENT

ရန်ကုန်နှင့် ဒေသအချို့ အချိန်အခါမဟုတ် မိုးရွာမည်
08-Dec-2018


ရန်ကုန်၊ ဒီဇင်ဘာ ၈

လေထုမငြိမ်မသက်မှုများကြောင့် ရန်ကုန်တိုင်းဒေသကြီး အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် ယခုရက်ပိုင်း၌ အချိန်အခါမဟုတ် မိုးများ ရွာသွန်းမည်ဖြစ်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက သတင်းထုတ်ပြန်သည်။

ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်လာနိုင်ပြီး ယင်းအရှိန်ကြောင့် ဒီဇင်ဘာလ ၁၅ ရက်နေ့အထိ အချိန်အခါမဟုတ် မိုးများဆက်လက် ရွာသွန်းနိုင်သေးကြောင်း မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်လွင်ဦးက ပြောကြားသည်။

“လေဖိအားနည်းရပ်ဝန်းက ပိုအားကောင်းလာနိုင်ပြီး ပုံမှန်လမ်းကြောင်းမဟုတ်တဲ့ မုန်တိုင်းဖြစ်လာနိုင်ခြေ တွေ့ရပါတယ်။ မုန်တိုင်းဖြစ်နိုင်ခြေ ခန့်မှန်းချက်တွေအရ မြောက်ဘက်ကို ကနဦး ရွေ့နေနိုင်တယ်”ဟု ၎င်းက ပြောဆိုသည်။

တရုတ်ပြည်မကြီးမှ ရွေ့လျားလာသော လေအေးများနှင့် ဘင်္ဂလားပင်လယ်အော်ဘက်မှ ရွေ့လျားလာသော လေနွေးများစုဆုံမှုကြောင့် လေထုမငြိမ်သက်မှုဖြစ်ကာ ဒီဇင်ဘာလ ၈ ရက်နေ့မှ ၁၃ ရက်နေ့အတွင်း ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကျဲကျဲမှ နေရာစိပ်စိပ် မိုးထစ်ချုန်းရွာနိုင်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ခန့်မှန်းထားသည်။

ထို့ပြင်စစ်ကိုင်းတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် နေရာကွက်ကျားမှ နေရာကျဲကျဲ မိုးထစ်ချုန်း ရွာနိုင်ကြောင်း ယင်းဌာနထံမှ သိရသည်။

ယခုရက်ပိုင်း၌ ဒေသအလိုက် အအေးပိုနေရာတွင် ထူးခြားသည့် ညအပူချိန်များမှာ ဟားခါးမြို့တွင် ၂ ဒီဂရီစင်တီဂရိတ်၊ ချင်းပြည်နယ် ရမ်ကလောင်းတွင် ၄ ဒီဂရီစင်တီဂရိတ်၊ ပူတာအိုမြို့တွင် ၅ ဒီဂရီစင်တီဂရိတ်၊ ဟဲဟိုးမြို့တွင် ၇ ဒီဂရီစင်တီဂရိတ်၊ မချမ်းဘောမြို့၊ ဖလမ်းမြို့၊ တီးတိန်မြို့နှင့် တွန်းဇံမြို့တို့တွင် ၈ ဒီဂရီစင်တီဂရိတ်စီရှိကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။

E-03