News

POST TYPE

ENVIRONMENT

မိုးလေဝသ ခန့်မှန်းချက်များ တရားမဝင် ထုတ်ပြန်သူများကို အရေးယူမည်
19-Nov-2018


ရန်ကုန်၊ နိုဝင်ဘာ ၁၉

မိုးလေဝသဆိုင်ရာခန့်မှန်းချက်များကို အများပြည်သူ အထိတ်တလန့်ဖြစ်ပေါ်စေရန် တရားမဝင် ထုတ်ပြန်နေသူများကို အရေးယူမည်ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးက ပြောကြားသည်။

လူမှုကွန်ရက်များပေါ်တွင် မိုးလေဝသဆိုင်ရာခန့်မှန်းချက်များကို လူအများ အထိတ်တလန့်ဖြစ်နေရန် ထုတ်ပြန်နေသူများကို အရေးယူနိုင်ရန်အတွက် ဥပဒေတစ်ရပ်ရေးဆွဲနေပြီး ယင်းဥပဒေကို အတည်ပြုပြဋ္ဌာန်းပြီးပါက ထိရောက်စွာအရေးယူမည်ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

“မိုး/ဇလဌာနကနေပဲ အဓိကကတော့ ကြိုတင်သတိပေးချက်ထုတ်ပြန်တယ်။ အဲဒါကိုလိုက်ပြီး နောက်ဆက်တွဲထုတ်မယ်ဆိုရင် ထုတ်လို့ရတယ်။ မိမိသဘောနဲ့ထုတ်ပြန်တဲ့ဟာဆိုရင်တော့ တရားမဝင်ဘူး။ လောလောဆယ်တော့ ဥပဒေမရှိသေးတော့ ဘာမှမဆောင်ရွက်သေးတာပါ”ဟု ဒေါက်တာကျော်မိုးဦးက ရှင်းပြသည်။

လတ်တလော၌ မြန်မာနိုင်ငံတွင် မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင် အပါအဝင် မိုးလေဝသနှင့် ရာသီဥတုအခြေအနေကို စိတ်ပါဝင်စားပြီး လေ့လာစောင့်ကြည့်နေသူအချို့က တိကျသည့် မိုးလေဝသခန့်မှန်းချက်များကို ပြည်သူလူထုထံ အသိပေးထုတ်ပြန်မှုများရှိနေသည်။

မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်အနေနှင့် တိကျသည့်မိုးလေဝသခန့်မှန်းချက်များကို ထုတ်ပြန်နေခြင်းဖြစ်သည်။

သို့သော် လူမှုကွန်ရက်ပေါ်၌ အများပြည်သူအထိတ်တလန့်ဖြစ်ပေါ်စေရန် သတင်းအမှားဖြန့်ဝေသူများလည်း ရှိနေသည်။

ယင်းကြောင့် အစိုးရမဟုတ်သည့် မိုးလေဝသပညာရှင်များအနေနှင့်လည်း မိုးလေဝသဆိုင်ရာ ခန့်မှန်းချက်များကို ထုတ်ပြန်လိုပါက ဌာနသို့တရားဝင်ခွင့်ပြုစာ တင်ရမည်ဖြစ်ကြောင်း ဒေါက်တာကျော်မိုးဦးက ထပ်လောင်းပြောကြားသည်။

“အဓိကတော့ သတင်းမှန်ကန်ဖို့လိုမယ်။ ပြည်သူလူထု အထိတ်တလန့် ဖြစ်စေအောင် ဆောင်ရွက်တာဆိုရင်တော့ အရေးယူဖို့ အစီအစဉ်ရှိတယ်။ လောလောဆယ်တော့ အရေးယူဖို့ မလုပ်သေးပါဘူးဆိုပေမယ့် ပြည်သူလူထု အထိတ်တလန့် ဖြစ်သွားတယ် အရေးယူဖို့လိုလာရင်တော့ တခြားဆက်သွယ်ရေး ဥပဒေပုဒ်မတို့လိုမျိုးနဲ့ အရေးယူဖို့တော့ရှိတယ်”ဟု ၎င်းကဆိုသည်။

လတ်တလော၌ မြန်မာနိုင်ငံတွင် အရေးယူနိုင်မည့် ဥပဒေမရှိသေးသဖြင့် ကမ္ဘာ့ဘဏ်နှင့်ပူးပေါင်း၍ အဆိုပါဥပဒေမူကြမ်းကို ဌာနအနေနှင့် ရေးဆွဲလျက်ရှိပြီး ၂၀၂၀ ပြည့်နှစ်တွင် အတည်ပြုနိုင်မည်ဖြစ်ကြောင်း၊ ယင်းဥပဒေကို အတည်ပြုပြီးပါက တရားမဝင် သတင်းထုတ်ပြန်နေသူများကို ထိရောက်စွာ အရေးယူမည်ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

E-03