News

POST TYPE

ENVIRONMENT

လင်းတငှက်မျိုးစိတ်များ ထိန်းသိမ်းရေးလုပ်ငန်းအဖွဲ့ ဖွဲ့စည်း
15-Nov-2018
ရန်ကုန်၊ နိုဝင်ဘာ ၁၄

မြန်မာနိုင်ငံအတွင်း လင်းတငှက်မျိုးစိတ်များ ပျံ့နှံ့တည်ရှိမှုကို သုတေသနပြုလုပ်၍ လင်းတငှက်ထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက်နိုင်စေရန် မြန်မာနိုင်ငံ လင်းတမျိုးစိတ်များ ထိန်းသိမ်းရေးလုပ်ငန်းအဖွဲ့ကို ဖွဲ့စည်းခဲ့ကြောင်း ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးအသင်း BANCA မှ ငှက်သုတေသနပညာရှင် ဒေါက်တာသီရိဒေဝီအောင်က ပြောကြားသည်။

အဆိုပါအဖွဲ့ဖွဲ့စည်းခြင်းကို မြန်မာနိုင်ငံတွင် ထိန်းသိမ်းရေးဆောင်ရွက်လျက်ရှိသော အဖွဲ့အစည်းဖြစ်သည့် BANCA အပါအဝင် သားငှက်ထိန်းသိမ်းရေးအဖွဲ့ (WCS)၊ မြန်မာငှက်နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအသင်း၊ အပြည်ပြည်ဆိုင်ရာ တောရိုင်းတိရစ္ဆာန်နှင့် သစ်ပင်များအဖွဲ့(FFI) ၊ FOW အဖွဲ့နှင့် ကမ္ဘာလုံးဆိုင်ရာ သဘာဝ ပတ်ဝန်းကျင်ရန်ပုံငွေအဖွဲ့ (WWF) စသည့်အဖွဲ့ ခြောက်ဖွဲ့ဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

ယင်းအဖွဲ့အနေဖြင့် ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးအိုင်နှင့် ရှမ်းပြည်နယ်၊ နမ့်ဆန်မြို့တို့တွင် လင်းတငှက် သုတေသနလုပ်ငန်းများကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဒေါက်တာသီရိဒေဝီအောင်က ပြောကြားသည်။

“အဓိကကတော့ ကောင်ရေကျလာတဲ့အတွက် ထိန်းသိမ်းရေးလုပ်မယ်။ ကျွဲ၊ နွားတွေကို ခွာနာလျှာနာနဲ့ ဒေါင့်သန်း မဖြစ်အောင် ကာကွယ်ဆေးထိုးရာကနေ အဲဒီ ကျွဲ၊ နွားတွေသေတော့ သူတို့ရဲ့ ကလီစာတွေကို လင်းတတွေက စားရာကနေ ဆေးကြောင့် လင်းတတွေ သေဆုံးမှုဖြစ်နေတာကို လေ့လာစစ်တမ်းကောက်သွားမယ်”ဟု ၎င်းကရှင်းပြသည်။

မြန်မာနိုင်ငံတွင် နေရင်းဒေသများ ပျက်စီးခြင်း၊ မျိုးပွားရာနေရာများပျက်စီးခြင်း၊ အဆိပ်ရှိသောအသေကောင်များကို စားသုံးမိခြင်း၊ ကျွဲ၊ နွားများတွင်သုံးသောအရောင်ကျဆေးများကြောင့် သေဆုံးခြင်းနှင့် အစားအစာများ ရှားပါးလာခြင်းကြောင့် လင်းတများကောင်ရေမှာ တဖြည်းဖြည်း လျော့နည်းလာနေကြောင်း ငှက်ထိန်းသိမ်းရေး ပညာရှင်များထံမှ သိရသည်။

E-03