News

POST TYPE

ENVIRONMENT

“ဓလေ့ထုံးတမ်းတွေကို စွန့်လွှတ်မယ်ဆိုရင် ငှက်တွေမျိုးသုဉ်းတာ ပျောက်သွားမယ်”
မြန်မာနိုင်ငံတွင် ငှက်မျိုးစိတ်ပေါင်း ၁၁၁၆ မျိုးရှိသည့်အနက် ငှက်မျိုးစိတ်အချို့မှာ တရားမဝင် ဖမ်းဆီးစားသောက်ခြင်း၊ စိုက်ပျိုးမြေနှင့် မွေးမြူရေးကန်များ ချဲ့ထွင်ခြင်းနှင့် သစ်တောများ ပြုန်းတီးလာခြင်း တို့ကြောင့် ၎င်းတို့နေထိုင်ကျက်စားရာ ဒေသများ ပျက်စီးလာပြီး ရှားပါးမျိုးသုဉ်း ပျောက်ကွယ်မည့်အန္တရာယ်နှင့် ရင်ဆိုင်နေရသည့်အပေါ် ငှက်နှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးပညာရှင်များ၏ သုံးသပ်ပြောဆိုထားမှု အမြင်များကို ကောက်နုတ် ဖော်ပြအပ်ပါသည်။

“ဓလေ့ထုံးတမ်းတွေကို စွန့်လွှတ်မယ်ဆိုရင် ငှက်တွေမျိုးသုဉ်းတာ ပျောက်သွားမယ်”
ဒေါက်တာသိန်းအောင် (ဥက္ကဋ္ဌ- မြန်မာငှက်နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအသင်း)

ငှက်တွေကို ဖမ်းဆီးတယ်။ အလှမွေးတယ်။ အခါကြီးရက်ကြီးတွေမှာ ငှက်လွှတ်တာရှိတယ်။ ဒါပေမဲ့ လှောင်အိမ်ထဲက တစ်ကောင်လွှတ်ရင် နောက်ထပ် တစ်ကောင် ထပ်ဖမ်းခိုင်းတာနဲ့ အတူတူပဲ။ နောက် Wild Animals တွေကို စားသောက်တာ တိတိကျကျ အရေးယူသင့်တယ်။ တိုင်းရင်းဆေး ဖော်စပ်တဲ့အခါ အသုံးပြုနေတဲ့အတွက် သေချာတာကတော့ မျိုးသုဉ်းသွားမယ့် အနေအထား ရှိနေတယ်။ ဒါကြောင့် ဓလေ့ ထုံးတမ်းတွေကို စွန့်လွှတ်မယ်ဆိုရင် ငှက်တွေမျိုးသုဉ်းတာ ပျောက်သွားမယ်။ ငှက်တွေကျက်စားရာဒေသ ကျဉ်းမြောင်းလာတယ်။ မိတ်လိုက်သားပေါက်နိုင်တဲ့ နေရာလေးတွေကို သတ်မှတ်ပေးသင့်တယ်။ ညှိညှိနှိုင်းနှိုင်းလုပ်ဖို့ awarness (အသိပညာ) ပေးသင့်တယ်။ ဒီလိုနေရာလေးတွေ သီးသီးသန့်သန့် ဖော်ထုတ် သင့်တယ်။ သဘာဝတောခြံတွေမှာ ငှက်တွေ ဘယ်လို ရှင်သန်ကျက်စားနေတယ်။ ဒီလိုသဘာဝတောခြံတွေ မရှိရင် ငှက်မျိုးတွေ ပျောက်သွားမယ်။ ဒါကြောင့် တောခြံတွေ တိုးပွားရှင်သန်အောင် ထိန်းသိမ်းဖို့ လိုတယ်။ အကောင်းဆုံးနည်းလမ်းကို ဖော်ထုတ်ပြီးတော့ ပူးပေါင်းဆောင်ရွက်ဖို့လိုမယ်။ 

“အကောင်မြင်ရင် သတ်စားမယ်ဆိုတဲ့ အလေ့အထကြီးကို ပြင်မှရမယ်”
ဦးသက်ဇော်နိုင် (ငှက်နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးပညာရှင်)

“ငှက်တွေကို ရိုးရာဓလေ့ထုံးစံအရ ဖမ်းဆီး သတ်ဖြတ်တာရယ်၊ သူတို့ရဲ့စားကျက်မြေတွေ ပျောက် ဆုံးလာတာရယ်ကြောင့် မျိုးသုဉ်းလာတယ်။ သစ်တော ထွက်ပစ္စည်း ထုတ်တာတွေကြောင့်လည်း ရှားပါးလာတဲ့အပြင် စိုက်ပျိုးမြေချဲ့ထွင်လာတာ တို့လို တိရစ္ဆာန်တွေနေတဲ့ နေရာကို လူတွေပြောင်းရွှေ့လာတယ်။ စည်းကမ်းမဲ့ ဓာတ်သတ္တုတွေ တူးဖော်လာတာတွေ ကြောင့်လည်း ငှက်တွေသာမက သဘာဝပတ်ဝန်းကျင်ပါ ပျက်စီးလာတယ်။ ဒီလိုအချက်တွေကြောင့် ငှက်တွေက ဥသာ အုတယ်။ အရေအတွက်ကတော့ တိုးလာတာမရှိဘူး။ နောက်ပြီး ဖမ်းဆီးသတ်ဖြတ်မှု တွေမှာ ထိရောက်စွာအရေးယူနိုင်မယ့် ဥပဒေတွေ မရှိဘူး။ ဥပဒေအရ ဘာလုပ်ရင် ဘာပြစ်ဒဏ်ဆိုတာ အတိအလင်းပြထားပေမယ့် ဥပဒေထိရောက်မှု အားနည်းတယ်။ နယ်စပ်တွေမှာဆို သတ်လည်းသတ် ခွင့်မရှိ၊ ရောင်းချခွင့်လည်းမရှိတဲ့ တိရစ္ဆာန်ထွက်ပစ္စည်း တွေကို ပေါ်ပေါ်တင်တင် ရောင်းချတာတွေရှိတယ်။ ဒါကြောင့် အဓိကပြဿနာက ဖမ်းဆီးတဲ့ပြဿနာ ဖြစ်နေတယ်။ သတ်ဖြတ်ခံရတာကတော့ အကောင်သေးရော၊ အကောင်ကြီးရော တစ်ကောင်မှ ချမ်းသာပေးတာ မဟုတ်ဘူး။ အကောင်မြင်ရင် သတ်စားမယ် ဆိုတဲ့ အလေ့အထကြီးကို ပြင်မှရမယ်။ ရှားပါးတဲ့ ငှက်မျိုးစိတ်တွေ မျိုးသုဉ်းပျောက်ကွယ်ခြင်း မရှိအောင် အသိပညာပေးတာတွေ၊ ထိန်းသိမ်းတာတွေ လုပ်ရမယ်။ တစ်ဖက်ကလည်း အသိပညာပေးသလို တစ်ဖက် ကလည်း ဥပဒေအရ ထိရောက်စွာ လုပ်ဖို့လိုမယ်။ 

“အခုတောင်ငှက်ကောင်ရေက တော်တော်လေး ကျဆင်းနေပြီ”
ဦးလေးဝင်း (ငှက်သုတေသနပညာရှင်)

မြန်မာနိုင်ငံမှာ တနင်္သာရီတောင်ပိုင်းမှာပဲရှိတဲ့ ငှက်တွေက တခြားမျိုးစိတ်တွေနဲ့ မတူဘူး။ ထူးခြားတယ်။ မုတ်သုံသစ်တောတွေ၊ အပင်ကြီးမျိုးတွေ ကျန်ရှိ နေသေးတဲ့အတွက် ငှက်မျိုးစိတ်တွေ တော်တော်များများ ရှိနေသေးတယ်။ တနင်္သာရီဒေသမှာပဲ ငှက်မျိုးစိတ်ပေါင်း ၁၃၄ မျိုးလောက်ရှိနေတယ်။ ကိုယ့်မြန်မာနိုင်ငံမှာပဲ ရှိတဲ့ Endemic ငှက်ရှိတယ်။ မြန်မာနိုင်ငံက ငှက်မျိုးစိတ်တွေထဲက တချို့ဆို မျိုးသုဉ်းခါနီးနေပြီ။ သူတို့ရဲ့ နှုတ်သီးတွေကို ပန်းပုထုတာရှိတယ်။ ဈေးကွက်မှာ ဈေးကြီးတယ်။  ဒါကြောင့် ဆက်မထိန်းရင် မျိုးပြုန်းနိုင်တဲ့အဆင့် ရှိတယ်။ နောက် တနင်္သာရီမှာက ဆီအုန်းစိုက်ခင်းတွေ၊ ရော်ဘာစိုက်ခင်းတွေ လုပ်တဲ့အခါ သစ်တောတွေ ရှင်းရတဲ့အတွက် ငှက်မျိုးစိတ်တွေ ကြာရှည်မခံနိုင်ဘူး။ ငှက်တွေပစ်တာ၊ ဖမ်းပြီး ရောင်းတာတွေ ရှိနေတယ်။ ဒါတွေကို ဆက်မထိန်း သိမ်းဘူးဆိုရင် မျိုးပြုန်းသွားလိမ့်မယ်။ အခုတောင် ငှက်ကောင်ရေက တော်တော်လေးကျဆင်းနေပြီ။ 


“ထိန်းသိမ်းပေးမယ့်လူတွေ ပိုများလာဖို့လိုပါတယ်”
ဦးနိုင်လင်း (သားငှက်ထိန်းသိမ်းရေးအဖွဲ့)

မြန်မာနိုင်ငံမှာ လင်းတအပါအဝင် ငှက်တွေ ရှားပါးမျိုးသုဉ်းလာရတဲ့ အဓိကအချက်က အစာရေစာ ရှားပါးလာတာနဲ့ လူတွေရဲ့ နိမိတ်မကောင်းတဲ့ငှက် အဖြစ် ထင်မြင်ယူဆချက် တွေကြောင့်ဖြစ်တယ်။ အယူသီးတာတွေကြောင့် လင်းတတွေကို ပိုပြီးမျိုးသုဉ်းစေဖို့ ခြိမ်းခြောက်လာတယ်။ နေရင်းဒေသတွေ ပျက်စီးလာတာ၊ အကြောင်းအမျိုးမျိုးကြောင့် သတ်ဖြတ်ခံ နေရတာနဲ့ အဆိပ်ရှိတဲ့ အကောင်တွေကို စားသုံးမိတာတွေကြောင့် လင်းတတွေက မျိုးသုဉ်းဖို့ အလွန် နီးကပ်နေပြီ။ ငှက်တွေရဲ့ဓလေ့စရိုက်နဲ့ သဘာဝကို နားမလည်ဘဲ ရှေးရိုးစွဲအယူအဆတွေ၊ အတိတ်နိမိတ်တွေ၊ တိုက်ဆိုင်မှုတွေအပေါ် မူတည်ပြီး အဆိုးမြင်တဲ့ အလေ့အထတွေ ဖြစ်ပေါ်လာတယ်။ ငှက်တွေက ဂေဟစနစ် ဝန်ဆောင်မှုပေးနေတယ် ဆိုတာ သိသင့်တယ်။ လင်းတငှက်က တကယ့်ကို ရှားပါးနေပါပြီ။ မျိုးသုဉ်းဖို့လည်း အလွန်နီးနေပြီ။ ဒါကြောင့် ရှေးရိုးစွဲ အမြင်လေးတွေကို Change (ပြောင်းလဲ)ပေးစေချင်တယ်။


ABOUT AUTHOR

(ပြည့်ဖြိုးလင်း)