News

POST TYPE

ENVIRONMENT

လေဖိအားနည်းရပ်ဝန်း ဆက်ရှိနေ၍ ရန်ကုန်နှင့် ဒေသအချို့ မိုးကြီးပြီး ရေကြီးရေလျှံမှု အန္တရာယ်ရှိ
23-Oct-2018


ရန်ကုန်၊ အောက်တိုဘာ ၂၃

မြစ်ဝကျွန်းပေါ်ဒေသတွင် ဖြစ်ပေါ်နေသည့် လေဖိအားနည်းရပ်ဝန်းသည် အားလျော့ပျက်ပြယ်သွားခြင်း မရှိသေးဘဲ ဆက်လက် တည်ရှိနေသည့်အတွက် ယခုရက်ပိုင်းအတွင်း ရန်ကုန်၊ ပဲခူး အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် မိုးကြီးနိုင်ရာ ရေကြီးရေလျှံမှုအန္တရာယ်ရှိကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးက ပြောကြားသည်။

“လေဖိအားနည်းရပ်ဝန်းက ပြတ်ထွက်လာနေတဲ့ တိမ်တိုက်တွေကြောင့် ဒီရက်ပိုင်း ရန်ကုန်တိုင်း၊ ပဲခူးတိုင်းနဲ့ ဧရာဝတီတိုင်းတို့မှာ မိုးကြီးနိုင်သေးတယ်။ ပဲခူးမြစ်ရေကလည်း တက်နေတဲ့အတွက် ရေကြီးရေလျှံမှု အန္တရာယ်ရှိတယ်”ဟု ၎င်းက ပြောဆိုသည်။

လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် ရန်ကုန်မြို့တွင် မိုးများနိုင်သည့်အပြင် သီတင်းကျွတ်ကာလ လပြည့်၊ လကွယ် ဒီရေ တက်ချိန်နှင့် တိုက်ဆိုင်နေသည့်အတွက်ကြောင့်လည်း ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နိုင်သည်ကို သတိပြုရမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်း ရွာနိုင်ပြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကာ ရွာရန်ရာနှုန်းပြည့်ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက ခန့်မှန်းချက်ထုတ်ပြန်သည်။

ထို့ပြင်ယနေ့ (အောက်တိုဘာလ ၂၃ ရက်) နံနက် ၁၁ နာရီခွဲအချိန် တိုင်းထွာချက်များအရ ပဲခူးမြစ်ရေသည် ပဲခူးမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် နှစ်ပေခွဲခန့်တွင် ရောက်ရှိနေပြီး အဆိုပါမြစ်ရေသည် နောက်တစ်ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ကြောင်း၊ ယင်းကြောင့်မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် ကြိုတင်သတိပြု နေထိုင်ရန်လိုအပ်ကြောင်း အဆိုပါဌာနက သတိပေးထားသည်။

E-03