News

POST TYPE

ENVIRONMENT

မန္တလေးတွင် မိုးဆက်တိုက်ရွာသဖြင့် အိမ်ထောင်စု ၄၀ ခန့် ရေဘေးကြုံ
14-Oct-2018



မန္တလေး၊ အောက်တိုဘာ ၁၃

မန္တလေးမြို့တော်၌ ယခုရက်ပိုင်းအတွင်း မိုးဆက်တိုက်ရွာသွန်းမှုကြောင့် အောင်မြေသာစံမြို့နယ်၊ ညောင်ကွဲရပ် ၈၆ နှင့် ၈၇ လမ်းကြားရှိ အိမ်ထောင်စု ၄၀ ခန့် ရေဘေးကြုံနေရကြောင်း One To One ပြည်သူ့ကူညီရေးအဖွဲ့ထံမှ သိရသည်။

အဆိုပါရပ်ကွက်သည် ယခင်နှစ်များကလည်း ရေဝင်လေ့ရှိပြီး အနိမ့်ပိုင်းရပ်ကွက်ဖြစ်သောကြောင့် အချိန်တစ်လခန့် ကြာမြင့်လေ့ရှိကြောင်း အဆိုပါရပ်ကွက် ဒေသခံများက ပြောဆိုသည်။

“မြေကနိမ့်တယ်။ ဘေးနားမှာ ငါးမွေးကန်အဟောင်းတွေလည်း ရှိတယ်။ အဲဒီကန်ကနေ ရေတွေဝင်လိုက်၊ ပြန်ထွက် လိုက်ပေါ့။ အဓိကတော့ ရေတွေ မြန်မြန်ပြန်ထွက်ဖို့လိုတယ်” ဟု One to One ပြည်သူ့ကူညီရေးအဖွဲ့ကို ဦးဆောင်သူကိုဝမ်းက ပြောကြားသည်။

ရေဒဏ်ခံစားနေရသည့် အိမ်ထောင်စုများ လတ်တလောအဆင်ပြေစေရန် ဆန်၊ ဆီနှင့် ကြက်ဥများ ဝေငှပေးထားပြီး ရေစုပ်ထုတ်ရန်အတွက်လည်း စီစဉ်ထားကြောင်း အဆိုပါနေရာသို့ရောက်ရှိနေသော ၎င်းက ဆက်လက်ပြောဆိုသည်။

“လာမယ့်ဥပုသ်နေ့ (ဗုဒ္ဓဟူး) မှာ လူစုံတယ်ဆိုတော့ ရေဝင်တဲ့အိမ်က အမျိုးသားတွေနဲ့ မြောင်းဖော်မယ်။ ရွှေတချောင်းကိုသွားတဲ့မြောင်းရှိတယ်။ ပိတ်နေတော့ မစီးနိုင်ဘူး။ ရေစုပ်စက် သုံးလုံးလောက်နဲ့ စုပ်မယ်၊ ပြီးရင် မြောင်းရှင်းမယ်”ဟု ကိုဝမ်းက ရှင်းပြသည်။

ယခုကဲ့သို့ရေဝင်သောနေရာသည် ဧရာဝတီမြစ်နှင့်နီးပြီး မြေအနိမ့်ပိုင်းတွင်ရှိသောကြောင့် မိုးဆက်တိုက်ရွာပါက ရေဝင်လေ့ရှိကြောင်း၊ နေထိုင်သူများလည်း အခြေခံလူတန်းစားများသာဖြစ်ကြောင်း ညောင်ကွဲရပ်ကွက် ဒေသခံတစ်ဦးက ပြောဆိုသည်။

M-07