News

POST TYPE

ENVIRONMENT

ဆိုင်ကလုန်းမုန်တိုင်းအရှိန်ကြောင့် ချင်းပြည်နယ်နှင့် ဒေသအချို့ မိုးကြီးမည်
10-Oct-2018



ရန်ကုန်၊ အောက်တိုဘာ ၁၀

ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော အားကောင်းသည့် ဆိုင်ကလုန်းမုန်တိုင်း TITLI ၏ အရှိန်ကြောင့် နောက်နှစ်ရက်အတွင်း ချင်းပြည်နယ်အပါအဝင် ဒေသအချို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက သတင်းထုတ်ပြန်သည်။



ယင်းမုန်တိုင်း၏အရှိန်ကြောင့် နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ ဒေသအလိုက်နေရာကွက်၍ မိုးကြီးနိုင်ရာ ရေကြီးရေလျှံခြင်းနှင့် မြေပြိုခြင်းအန္တရာယ်တို့ကို သတိပြုရန်လိုအပ်ကြောင်း အဆိုပါဌာနက သတိပေးထားသည်။

လက်ရှိတွင် အားကောင်းသည့်ဆိုင်ကလုန်းမုန်တိုင်း TITLI သည် အိန္ဒိယနိုင်ငံ၊ ဂိုလ်ပါပူမြို့၏ တောင်-အရှေ့တောင်ဘက် မိုင်၂၀၀ ခန့်၊ ကလင်ဂါပတ္တနမ်မြို့၏ အရှေ့တောင်ဘက် မိုင် ၁၇၀ ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေသည်။

အဆိုပါမုန်တိုင်းသည် မြန်မာနိုင်ငံသို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိသဖြင့် အဝါရောင်အဆင့်သတ်မှတ်ထားသည်။

သို့သော်မုန်တိုင်းအရှိန်ကြောင့် မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများကျရောက်ပြီး၊ လှိုင်းကြီးနိုင်ရာ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် လှိုင်းအမြင့် ၉ ပေမှ ၁၂ ပေခန့်နှင့် မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၆ ပေမှ ၉ ပေခန့်အထိရှိနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ခန့်မှန်းချက်ထုတ်ပြန်သည်။

အောက်တိုဘာလ ၁ဝ ရက်နေ့မှ ၁၆ ရက်နေ့အတွင်း ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသတို့တွင် မိုးသည်းထန်စွာ ရွာသွန်းနိုင်သည်ဟု အမေရိကန်မိုးလေဝသဌာန NOAA ကလည်း ဖော်ပြထားကြောင်း ရာသီဥတုအခြေအနေ စောင့်ကြည့်လေ့လာသူများထံမှ သိရသည်။

ဓာတ်ပုံ - မိုး/ဇလ

E-03