News

POST TYPE

ENVIRONMENT

စစ်တောင်းမြစ်ရေ အနည်းငယ်ပြန်ကျ
07-Sep-2018

တောင်ငူ၊ စက်တင်ဘာ ၇

ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ်တွင် စိုးရိမ်ရေမှတ်အထက် ရောက်ရှိခဲ့သော စစ်တောင်းမြစ်ရေမှာယနေ့ နံနက်တွင် အနည်းငယ် ပြန်လည်ကျဆင်းခဲ့သည်ဟု တောင်ငူခရိုင် မိုးလေဝသနှင့် ဇလဗေဒညွန်ကြားမှု ဦးစီးဌာနမှတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“စက်တင်ဘာလ ၅ ရက်နေ့ ညပိုင်းမှာ မြစ်ရေ စိုးရိမ်ရေမှတ် ၆၀၀ စင်တီမီတာအထက် ၃၃ စင်တီမီတာထိတက်လာပေမဲ့ ပြန်ကျသွားတော့ ၅ စင်တီမီတာလောက်ပဲရှိတယ်။ စက်တင်ဘာ ၆ ရက်နေ့ ညနေ ၅ နာရီကနေ အခုထိ ၆၂၈ စင်တီမီတာမှာ တန်းနေတဲ့အခါ ရေပြန်ကျမယ်ဆိုပေမဲ့ ကြာမယ့်သဘောရှိတယ်”ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ယခုနှစ် မိုးရာသီကာလ ဇူလိုင်လက တစ်ကြိမ်၊ သြဂုတ်လနောက်ဆုံးပတ်က တစ်ကြိမ်၊ ယခုလ ၅ ရက်နေ့က တစ်ကြိမ် စစ်တောင်းမြစ်ရေ စိုးရိမ်ရေမှတ်အထက် ကျော်လွန်ရောက်ရှိခဲ့ခြင်းဖြစ်ကာ ယခုမြစ်ရေမြင့်တက်မှုတွင် ရေဘေးကယ်ဆယ်ရေးစခန်းကို ဖွင့်လှစ်ပေးထားခြင်းမရှိသေးဘဲ နီးစပ်ရာနေရာများတွင် ခိုလှုံနေကြရသည်ဟု ဒေသခံများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် သြဂုတ်လ ၂၉ ရက်နေ့က ဆွာတမံကျိုးပေါက်ခဲ့ပြီးနောက် တောင်ငူ၊ ရေတာရှည်၊ ထန်းတပင်၊ အုတ်တွင်းနှင့် ကျောက်ကြီးမြို့နယ်များတွင် ရေကြီးရေလျံမှုများ ဖြစ်ပေါ်ခဲ့သည့်အတွက် လူဦးရေ သုံးသောင်းကျော်ရွှေ့ပြောင်းပေးခဲ့ရပြီး လယ်မြေဧက ၄၀၀၀၀ ကျော် မြစ်ရေဖုံးလွှမ်းခဲ့သော်လည်း ပျက်စီးဆုံးရှုံးမှုနည်းကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ စုံစမ်းသိရှိရသည်။

ယခုနှစ်အတွင်းဒုတိယအကြိမ် စစ်တောင်းမြစ်၏ စိုးရိမ်ရေမှတ်အထက် ကျော်လွန်ရောက်ရှိခဲ့ခြင်းသည် ရေတောရှည်မြို့နယ် ဆွာမြို့ ဆွာချောင်းတမံ ရေထိန်းတံခါးကျိုးပေါက်ပျက်စီးခဲ့သည့် အကျိုးဆက်ကြောင့်ဖြစ်ပြီး လူနေအိမ် ၁၈၅ လုံး ပျက်စီးဆုံးရှုံးကာ အိမ်ခြေ ၃၀၀ ကျော် ထိခိုက်ခဲ့ပြီ အမျိုသားလေးဦး၊ အမျိုးသမီတစ်ဦး သေဆုံးကာ ဗိုလ်မှူးတစ်ဦးအပါအဝင် သုံးဦးပျောက်ဆုံးနေသော်လည်း ရှာဖွေမတွေ့ရှိသေးပေ။

ပဲခူးတိုင်းဒေသကြီးအတွင်း ဆည်နှင့်တမံပေါင်း ၃၈ ခုရှိနေပြီး ရေပိုလွဲမှရေကျော်နေသည့် ဆည်တမံရေအတွက် ၁၉ ခုရှိနေသည့်အပြင် စစ်တောင်းမြစ်စတင်ရာ ပေါင်လောင်းမြစ်အထက် ပေါင်းလောင်းရေအားလျှပ်စစ် ထုတ်ယူသည့် ပေါင်းလောင်းဆည်တွင်လည်း ရေကျော်နေခြင်းဖြစ်သည်ဟု စိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက ထုတ်ပြန်ချက်များတွင် ထည့်သွင်းဖော်ပြထားသည်။ပဲခူးတိုင်းဒေသကြီး အရှေ့ခြမ်း မြို့နယ်အချို့တွင် ဇူလိုင်လခန့်က ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ပြီးလူဦးရေ ၁၃၀၀၀၀ ကျော် ရေဘေးသင့်ခဲ့ပြီး မိုးစပါးစိုက်ဧက လေးသိန်းကျော် ရေဝင်နစ်မြုပ်ခဲ့ပြီး သုံးပုံတစ်ပုံနီးပါး ပျက်စီးဆုံးရှုံးခဲ့ရသည်ဟု တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ထုတ်ပြန်ချက်များအရသိရှိရသည်။

R-15