News

POST TYPE

ENVIRONMENT

ညောင်တုန်းရှိ ဧရာဝတီမြစ်ရေ တိုက်စား၍ ကမ်းပါးပြိုကျ၊ အဆောက်အအုံ ၅၀ ခန့် အရေးပေါ်ပြောင်းရွှေ့
18-Aug-2018 tagged as ဧရာဝတီ မြစ်ရေ

ပုသိမ်၊ ဩဂုတ် ၁၈

ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ညောင်တုန်းမြို့နယ် ရွှေဒင်္ဂါးကျွန်းကျေးရွာနှင့် ဂန်ချောင်းကျေးရွာတို့တွင် ဩဂုတ် ၁၇ ရက် နံနက်ပိုင်းက ဧရာဝတီမြစ်ရေတိုက်စားသဖြင့် မြစ်ကမ်းပါးပြိုကျမှုဖြစ်ပေါ်၍ အဆောက်အအုံ ၅၀ ခန့် အရေးပေါ် ပြောင်းရွှေ့ခဲ့ရကြောင်း ယင်းကျေးရွာအုပ်ချုပ်ရေးအဖွဲ့များထံမှ သိရသည်။

ရွှေဒင်္ဂါးကျွန်းကျေးရွာတွင် မြစ်ကမ်းပါးပြိုကျသည့် နေရာနှင့်နီးကပ်ပြီး အန္တရာယ်ရှိသည့် လူနေအိမ် ၄၈ လုံးနှင့် ဓမ္မာရုံတစ်လုံးတို့ကို ကြိုတင်ဖျက်သိမ်းပြီး ဘေးကင်းရာသို့ ယာယီပြောင်းရွှေ့ပေးခဲ့ပြီး ဂန်ချောင်းကျေးရွာတွင် အလျား ပေ ၁၈၀၊ အနံ ပေ ၇၀ ခန့် မြစ်ကမ်းပြိုကျသဖြင့် ယင်းနေရာနှင့်နီးစပ်ပြီး အန္တရာယ်ရှိသည့် လူနေအိမ်တစ်လုံးရှိ အိမ်ထောင်စုတစ်စုကို ဆွေမျိုးများ၏ နေအိမ်သို့အုပ်ချုပ်ရေးအဖွဲ့များက ခေတ္တပြောင်းရွှေ့နေရာချထားပေးကြောင်း ညောင်တုန်းမြို့နယ် တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဆန်းက ပြောကြားသည်။

“မိသားစု ၄၉ စုနဲ့ လူဦးရေ ၂၀၉ ဦး ရှိပါတယ် လူ၊ တိရစ္ဆာန်များ ထိခိုက်ဒဏ်ရာရတာ ပျောက်ဆုံးတာ မရှိပါဘူး။ လူ/ကယ်/ပြန်ကို သတင်းပို့ထားတယ်။ ညောင်တုန်း တာခိုင်ခံ့ရေးကိုလည်း ဆောင်ရွက်ထားပါတယ်”ဟု ၎င်းက ပြောဆိုသည်။

ထို့ပြင် ညောင်တုန်းမြို့နယ်တွင် မိုးသည်းထန်စွာ ရွာခြင်းကြောင့် မြစ်ရေလျံတက်ကာ ကွင်းအချို့ရေမြင့်တက်မှုကြောင့် ဩဂုတ် ၇ ရက်မှ ၁၇ ရက်အထိ စာသင်ကျောင်းပေါင်း ၁၅ ကျောင်းကို ယာယီပိတ်ထားရပြီး တစ်တိုင်းလုံးအနေဖြင့် သဘာဝဘေးကြောင့် ကျောင်း ၁၇၀ ကျော်ယာယီပိတ်ထားရကြောင်း တိုင်းအစိုးရအဖွဲ့ထံမှ သိရသည်။

ညောင်တုန်းမြို့သည် ဧရာဝတီမြစ်ကမ်းနံဘေးတွင် တည်ရှိပြီး ဧရာဝတီမြစ်ကြောင်းတစ်လျှောက် မြစ်သဲကျောက်များ အလွန်အကျွံ ထုတ်ယူမှုများကြောင့် မြစ်ရေစီးကြောင်း ပြောင်းလဲမှုများ ဖြစ်ပေါ်ကာ မြို့နယ်အတွင်း ဧရာဝတီမြစ်ကမ်းတစ်လျှောက်ရှိ ရပ်ကွက်နှင့် ကျေးရွာများ၏ မြစ်ကမ်းပါးများသည် နှစ်စဉ်မြစ်ရေ တိုက်စားမှုနှင့် တွေ့ကြုံနေရကြောင်း ဧရာဝတီတိုင်းအခြေစိုက် လှပသောမြေပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့မှ ဦးမြင့်အောင်က သုံးသပ်ပြောကြားသည်။

R-12