News

POST TYPE

ENVIRONMENT

ရေငန်ပုစွန်မွေးမြူရေး ဖွံ့ဖြိုးရန် ထိုင်းအစိုးရ ဘတ်ငွေ ၃၄ သန်းကျော် ကူညီ
17-Aug-2018

ရန်ကုန်၊ ဩဂုတ် ၁၆

မြန်မာနိုင်ငံရှိ ရေငန်ပုစွန်မွေးမြူရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ထိုင်းနိုင်ငံက ဘတ်ငွေ ၃၄ ဒသမ ဝ၂၂ သန်း ထောက်ပံ့ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာနထံမှ သိရသည်။

မြန်မာအစိုးရနှင့် ထိုင်းအစိုးရတို့အကြား ရခိုင်ပြည်နယ် ရေငန်ပုစွန်မွေးမြူရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာကို ဩဂုတ်လ ၁၄ ရက်နေ့က စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်မော်နှင့် ထိုင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ထိုင်းအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ ညွှန်ကြားရေးမှူးချုပ် မစ္စဆူဖတ်ထရာဆရီ မိုင်းသရဖီထက်တို့ လက်မှတ်ရေးထိုးခဲ့ကြခြင်းဖြစ်သည်။ 

အဆိုပါနားလည်မှုစာချွန်လွှာအရ နှစ်နိုင်ငံအစိုးရအကြား ရခိုင်ပြည်နယ် ရေငန်ပုစွန်မွေးမြူရေး ဖွံ့ဖြိုးတိုးတက်စေရန်အတွက် စစ်တွေမြို့ရှိ ရေချမ်းပြင် ပုစွန်သားဖောက်စခန်းကို ပြန်လည်အဆင့်မြှင့်တင် တည်ဆောက်ပြီး ပုစွန်သားဖောက်ရုံ၊ မွေးမြူရေးနှင့် ဓာတ်ခွဲခန်းများကို သရုပ်ပြခြင်းနှင့် သင်ကြားရေးဗဟိုဌာနအဖြစ် ဝန်ဆောင်မှုပေးနိုင်ရေးလုပ်ငန်းများကို ၂၀၁၈ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ကြောင်း ငါးလုပ်ငန်းဦးစီးဌာနထံမှ သိရသည်။

ယခင်က မြန်မာနိုင်ငံတွင် ရေငန်ပုစွန် သားဖောက်စခန်း ၂၇ ခုရှိသော်လည်း ယခုအခါသားဖောက်စခန်း ၄ ခုသာ ကျန်ရှိပြီး ရေချိုပုစွန် သားဖောက်စခန်းမှာလည်း ၃ ခုခန့်သာ ကျန်ရှိကြောင်း၊ ပုဂ္ဂလိက ပုစွန်မွေးမြူရေးစခန်းများရှိ ပုစွန်သားပေါက်များသည် ၂၀၁၃ ခုနှစ်မှစ၍ အမည်မသိ ရောဂါကျရောက်ကာ ပြည်ပသို့ ပုစွန်ပို့ကုန်များလည်း လျော့ကျလျက်ရှိကြောင်း၊ ပြည်တွင်းတွင် ပုစွန်သားပေါက် မထုတ်လုပ်နိုင်ခြင်းကြောင့် ထိုင်းနိုင်ငံမှ ပုစွန်သားပေါက်များကိုသာ အဓိကတင်သွင်း မွေးမြူနေရခြင်းဖြစ်ကြောင်း ပုစွန်မွေးမြူရေးလုပ်ငန်းရှင်များထံမှ သိရသည်။

J-11